Home
မြန်မာသတင်း
ကျောက်ဂူမြို့တွင် စစ်ကောင်စီတပ်နှင့် DPLA တို့ တိုက်ပွဲပြင်းထန်၊ မြို့ခံများစစ်ဘေးရှောင်
DVB
·
January 14, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ထဲက ကျောက်ဂူမြို့မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ အခုရက်ပိုင်းတိုက်ပွဲပြင်းထန်နေပြီး မြို့ခံတွေအားလုံးလည်း စစ်ရှောင်နေရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ခမ်းဒေသကို စစ်ကူပို့ရာမှာအရေးပါပြီး ရပ်စောက်မြို့နယ်ထဲမှာရှိတဲ့ ကျောက်ဂူမြို့မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေတာပါ။

ကျောက်ဂူဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တည်းက တိုက်ပွဲရှိနေပေမဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာကာ မြို့သိမ်းတိုက်ပွဲဆင်နွဲနေတာလို့ ကျောက်ဂူဒေသခံက ပြောပါတယ်။

DPLA ပြောခွင့်ရှိသူ ကိုအမောင်က “ လေယာဉ်ဗုံးချတာတော့ ကျောက်ဂူပတ်ဝန်းကျင်က ရွာတွေပေါ့လေ ဖရင်းကုန်းတဝိုက်၊ ထမင်းပေါင်းတဝိုက် အဲဒီတွေမှာလေယာဉ်ဗုံးချတာရှိတယ်ပေါ့။ စစ်ကောင်စီက အင်အားဖြည့်တာတွေတော့ မနေ့အထိတော့ရှိတယ်ဗျ။ ဆိုတော့ ကျောက်ဂူကတော့ ကျနော်တို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်တာမျိုးတော့ မရှိသေးဘူးဗျ။ ကျောက်ဂူမှာက ပြည်သူလူထုတွေက တော်တော်များများတော့ စစ်ရှောင်ကြပါပြီ ”လို့ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်မှာ ကျောက်ဂူရဲစခန်းနဲ့ အမတ-၃၄၉၊ ၅ ရက်မှာ တောင်ထိပ်ရွာနဲ့ အင်တောမြို့ကြားတွေမှာတိုက်ပွဲဖြစ်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှာဆိုရင် စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံး ၂၄ လုံးကြဲချခဲ့ကြောင်း DPLA ကထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလထဲမှာ တိုက်ပွဲပြင်းထန်လာပြီး လက်နက်ကြီးတွေအပြင်၊ လေယာဉ်ဗုံးကြဲချမှုတွေပါ ရှိလာတဲ့အတွက် ကျောက်ဂူမြို့မှာ အိမ်စောင့်လောက်ပဲကျန်ပြီး တမြို့လုံးက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ကျောက်ဂူမြို့ခံ အမျိုးသားတယောက်က  “ကျောက်ဂူကလူတွေကကျတော့ တချို့လည်း အင်တောမှာ၊ တချို့ကလည်း ရပ်စောက်မှာ၊ တချို့က တောင်ကြီးမှာဗျ။ အဲလိုမျိုးတွေပြောင်းကုန်ပြီ။ တချို့ကြတော့လည်း အင်တောမှာပေါ့နော် တောင်ယာတွေလာပြီး‌တော့ ငှားပြီးတော့ လုပ်ကိုင်နေကြတာပေါ့။ ဘုန်းကြီးကျောင်းတွေမှာနေပြီး တောင်ယာအငှားတွေလာလုပ်ကြတာပေါ့။ စာရင်းငှားတွေလုပ်ကြတာပေါ့။ အင်တောမှာအများဆုံးပဲ။ ဒါပေမဲ့ အင်တောလည်း ထပ်ပြီးတော့ ရွှေ့ရဦးမယ်ဆိုရင်တော့ ထပ်ပြီးပြေးရဦးမှာပေါ့”လို့ ပြောပါတယ်။

စစ်တပ်က ဆီဆုံဂနိုင်ရွာဘက်ကနေ  လက်နက်ကြီးထိုင်ထားပြီး မြို့ထဲကို နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ရပ်ကွက် အမှတ် ၂ နဲ့ ၃ မှာထိခိုက်မှုများပြီး အရပ်သား ၂ ယောက် သေဆုံးတဲ့သတင်းကိုကြားရကြောင်း ဒေသခံက ဆက်ပြောပါတယ်။

ရှမ်းတောင်နဲ့ ရှမ်းမြောက်ကိုဆက်သွယ်ရာမှာ စစ်ရေးအရအရေးပါပြီး တောင်ခမ်းဒေသနဲ့ ဗထူးတပ်မြို့ကြားမှာရှိတဲ့ ကျောက်ဂူကျေးရွာအုပ်စုမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၅,၆၀၇ ဦးနေထိုင်ပါတယ်။

နောင်ချိုမြို့တောင်ဘက်မှာရှိတဲ့တောင်းခမ်းကျေးရွာမှာတော့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူ့လက်အောက်ခံ အမတ (၃၅၄)၊ အမတ (၂၀၆)၊ အမတ (၄၀၆)တို့ တည်ရှိတာဖြစ်ပြီး အဲဒီဘက်မှာလည်း တအန်းတပ်မတော် TNLA နဲ့တိုက်ပွဲပြင်းထန်နေတာ လနဲ့ချီရှိနေပါပြီ။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013