Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီလမ်းပိုင်း တိုက်ပွဲများပြန်ဖြစ်လာမှာကို ဒေသခံများ စိုးရိမ်  
DVB
·
January 16, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီလမ်းပိုင်း အားလုံးလိုလိုမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာရင် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေမြင့်တက်ကာ ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေတယ်လို့ မြဝတီမြို့ခံတွေက  ပြောပါတယ်။ 

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ့ လမ်းဟောင်း၊ ထို့ကော်ကိုးလမ်းပိုင်းတွေကနေ  သင်္ကန်းညီနောင်ကို ၁ လအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းနေပါတယ်။

ဒါအပြင် ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တွေ တိုက်ခိုက်မခံရအောင် ခံစစ်ပြင်ဆင်တာတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြဝတီမြို့ကို တင်ပို့နေတဲ့ စားသောက်ကုန်နဲ့ ပို့ကုန်သွင်းကုန်တွေ အချိန်ကြန့်ကြာပြီး ကုန်ဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့ မြဝတီမြို့ခံက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ရင် ကုန်စည်စီးဆင်းမှုက လမ်းကြောင်းတွေကျပ်မယ်။ အခက်အခဲတွေ ထိခိုက်မှုတွေ အများကြီးဖြစ်မှာ။ တိုက်ပွဲဖြစ်ပြီး မငြိမ်သက်ဘူးဆိုရင် ဒီလမ်းကြောင်းတွေမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အဖွဲ့တွေစုံနေတဲ့ အပေါ်မှာ ရှုပ်ထွေးမယ်။ ရှုပ်ထွေးလာရင် သွားလာနေတဲ့ ခရီးသွားပြည်သူနဲ့ ကုန်စည်သယ်ယူရာမှာ အချိန်ကြန့်ကြာပြီး အခက်အခဲဖြစ်မယ်။ ကုန်ဈေးနှုန်းက တက်သထက် တက်နိုင်တယ်။ ဖြစ်နိုင်တယ်။ အဲလိုတွေဖြစ်လာရင် ပြည်သူတွေ စိတ်ညစ်ရတယ်။ အန္တရာယ်လည်း ရှိတယ်။ မလုံခြုံမှုတွေလည်း ရှိတယ်။”

တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို  ထို့ကော်ကိုးလမ်း၊  ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါန တောင်ကိုဖြတ်သန်းပြီး ခရီးသည်နဲ့ကုန်စည်တွေ သယ်ယူပို့ဆောင်ခဲ့ရပါတယ်။

ဒါအပြင် မိုးကာလလမ်းပန်း ဆက်သွယ်ရေးခက်ခဲတာတွေနဲ့ ကုန်သည်တွေရင်ဆိုင်ခဲ့ရပါတယ်။ မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာ တာကြောင့်  ကော့ကရိတ်- မြဝတီ(အောက်ဗိုလ်တဲ)လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

လက်ရှိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာရင် ကုန်စည်တွေ ဈေးကွက်အရ ဆုံးရှုံးရတဲ့အပြင် ဒေသထွက်ကုန်ကို ချို့ချို့တဲ့တဲ့နဲ့ ဈေးကြီးကြီးနဲ့ စားသောက်ရဖို့ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “အဲဒီနယ်မြေတွေက ဈေးကွက်အရ ဆုံးရှုံးမှုတွေဖြစ်တယ်။ စားသုံးမှုကုန်ကျ စရိတ်တွေများတယ်။ အစစအရာရာ ဈေးကြီးကုန်တယ်။ အဲဒီအခက်အခဲက ရှိနေပြီသား။ ကျနော်တို့ဘက်က ပို့လိုမရတောတဲ့ အခက်အခဲပဲ။ စားသုံးသူကတော့ ဝက်ဝက်ကွဲ  ပက်ပက်ဆက်ဆက် ဈေးကြီးတယ်။ အဲလိုဆိုရင် အဲ‌ဒေသက ပြည်သူလူထုက  သူတို့မြို့နယ်မှာ ထွက်တဲ့ဟာလေကိုပဲ ချို့ချို့တဲ့တဲ့နဲ့ ဈေးကြီးကြီးနဲ့ စားသောက်ယှဉ်ပြိုင်ရပြီး အဲဒီက ပြည်သူလူထုတွေက ဆိုးဆိုးဝါးဝါးခံစားရမယ်”လို့ ပြောပါတယ်။

ဒါအပြင် တိုက်ပွဲတွေကြောင့် ကော့ကရိတ်- မြဝတီ(အာရှ)လမ်းပိုင်းကို ပိတ်ထားခဲ့ရတာကြောင့် ခရီးသည်နဲ့ ကုန်စည်တင်ယာဉ်တွေဟာ လမ်းပိုင်းဆက်သွယ်ရေးခက်ခဲခဲ့ပြီး ယာဉ်စီးခနဲ့ ကုန်စည်တင်ဆောင်ခတွေ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဘားအံ- မြဝတီကို ယာဉ်စီးခ  လူတယောက် ကျပ် ၁ သိန်းခွဲ၊ ကုန်စည် ၁ တန်ကို ကျပ်  ၉ သိန်းခွဲအထိ ဈေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013