
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့မှာ စစ်ကောင်စီက စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေ နေ့စဉ် အသုံးအဆောင် အခြေခံ ကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီ ရရှိဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်ကသိမ်းယူခဲ့ပြီးနောက် စစ်ရေးတင်းမာလာတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ရွှေသောင်ယံမြို့ဘက်ကို စားသောက်ကုန်နဲ့စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ခဲ့တာလို့ ဆိုပါတယ်။
ရွှေသောင်ယံမြို့ခံတယောက်က “သူတို့ (စစ်ကောင်စီ) က ဒီအတိုင်းကန့်သတ်ထားတာ။ ဘာမှကို သယ်ယူခွင့်မရတာ။ ဒီလိုချည်းပဲလုပ်နေကြ။ ကုန်ဈေးနှုန်းကြီးလွန်းလို့ များများ ဝယ်ယူမထားနိုင်တဲ့သူတွေဆို တော်တော်ကို ဒုက္ခရောက် နေပြီ” လို့ ပြောပါတယ်။
လက်ရှိ ရွှေသောင်နဲ့ အကျီးဇင်ဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ စက်သုံ ဆီသယ်ယူခွင့်ကို စစ်ကောင်စီက အကန့်အသတ်နဲ့သာ ခွင့်ပြုနေတယ်လို့ ဆိုပါတယ်။
ရွှေသောင်ယံမြို့ခံ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တယောက်က “အကန့်အသတ်နဲ့ ခွင့်ပြုတယ်ဆိုတာကလည်း (စစ်ကောင်စီ)တပ်နဲ့ အဆင်ပြေသူနဲ့ ငွေကြေးပြည့်စုံသူတွေကို ဘဲသယ်ယူခွင့်ပေးတာ။ သယ်ယူချင်ရင် သွားကုန်ပစ္စည်းဖိုးထက် နှစ်ဆပိုပေးရတယ်။ ပုံမှန်လုပ်ကိုင် လည်ပတ်သူတွေအတွက် အကျိုးမဖြစ်ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတာဟာ တော်လှန်ရေးတပ် PDF တွေနဲ့ တိုင်းရင်သားတပ် AA တို့ဆီ ကုန်စည်မရောက်စေဖို့ လုပ်ဆောင်တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အခုလို လုပ်ဆောင်ချက်ဟာ တော်လှန်ရေးအဖွဲ့နဲ့ အာရက္ခတပ်တော် တို့ကို ထိခိုက်တာ မရှိဘဲ ဒေသခံတွေအပေါ်သာ သာက်ရောက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အင်အား အမြောက်အမြားနဲ့ ဝက်သေ၊ တပင်မော်၊ ဘောမိ စတဲ့ ဒေသအနီးတွေမှာ စစ်အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။