Home
မြန်မာသတင်း
ရွှေသောင်ယံဝန်းကျင်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူ ၁၅၀၀၀ ခန့် တိမ်းရှောင်နေရ
DVB
·
January 14, 2025

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအစပ်က မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက်ပိုင်း ရွှေသောင်ယံဝန်းကျင်မှာ စစ်ရေးဆက်လက် တင်းမာနေကာ လူဦးရေ ၁၅၀၀၀   ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပေမဲ့ ရွှေသောင်ယံဝန်းကျင်ကနေ လက်နက်ကြီးသံတွေ ကြားနေရတုန်းလို့ ဒေသခံတွေက ပြောပါတယ်။

ဘောမိကမ်းခြေဘက်ကနေ ဇန်နဝါရီ ၁၃ ရက်မနက်ပိုင်းအထိ လက်နက်ကြီးသံတွေကြားရပြီး မကျီးဇင်နဲ့ ရွှေသောင်ယံကြားက ကျောက်မောင်နှမ၊ ဝက်သေရွာတွေဘက်ကို စစ်လက်နက်၊ တပ်အင်အားတွေ ဖြည့်တင်းနေကြောင်း ဆိုပါတယ်။

ရွှေသောင်ယံဒေသခံတယောက်က “ခုမနက်ပိုင်းကတော့ နည်းနည်းကြဲကြဲပေါ့။ ညပိုင်းကတော့ တော်တော်လေး စိတ်စိတ်ကြားရတယ်၊ အသံတွေလေ။ တိတိကျကျ‌တော့ ဘယ်နေရာလို့ ကျနော်တို့က မပြောတတ်ဘူးပေါ့။ ကျနော်တို့ ဆီမှာကတော့ လက်ရှိတော့ ဘာမှပြင်ဆင်တာမရှိဘူး။ စစ်ကားတွေနဲ့ ဆင်းလာတယ် သူတို့စစ်သားတွေရာကျော် ဆင်းလာတယ်။ ကားတွေနဲ့ဆင်းလာပြီးရင် ဝက်သေကမ်းခြေဘက်က စစ်သင်္ဘောတွေ စောင့်နေပြီးတော့ အဲကနေပဲ တင်ပြီးတော့ခေါ်သွားတယ်”လို့ ပြောပါတယ်။ 

စစ်ကားအစီးရေ အတိအကျကို အတည်မပြုနိုင်ပေမဲ့ စစ်ကောင်စီတပ်က ချောင်းသာ၊ သဘော့ကန်နဲ့ ဝက်သေရွာဝန်းကျင်တွေမှာ စစ်သင်္ဘောတွေ ချထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုက်ပွဲဖြစ်ခဲ့တဲ့ မကျီးဇင်နဲ့ အနီးဝန်းကျင် ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြသလို စိုးရိမ်ကြတဲ့ ရွှေသောင်ယံ မြို့ခံတချို့လည်း တိမ်းရှောင်နေကြပါတယ်။

မကျီးဇင်ဒေသခံ စစ်ရှောင်တယောက်က “စစ်ဘေးရှောင်ကတော့ ခန့်မှန်းမိသလောက်ဆို ၁၅၀၀၀ ကျော်မယ်လို့တော့ထင်တယ်။  သူတို့က ငွေဆောင်၊ ချောင်းသာ၊ သာပေါင်း၊ ပြီးတော့ ပုသိမ်ဘက်တွေ သွားကြတာပေါ့။ ပိတ်မိနေတာမျိုးတော့ မရှိပါဘူး။ လွတ်တဲ့ဘက်ကို ပြေးနေကြတာလေ။ ပြီးကျတော့ လူတွေ သေဆုံးတာရှိတယ်လို့ ကြားရတာပေါ့နော်။ စိတ်လည်းမကောင်းဘူး။ အတိအကျတော့ ကျမလည်းမသိရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေသောင်ယံမြို့နဲ့ ကမ်းခြေဝန်းကျင်မှာ ရခိုင်နဲ့မကျီးဇင်ဘက်က တိမ်းရှောင်လာသူ ၁ ထောင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ရွှေသောင်ယံမြို့ထဲမှာ သိသာတဲ့ အပြောင်းအလဲမရှိကြောင်းနဲ့ ကားလိုင်းတွေလည်း ပုံမှန်ပြေးဆွဲကာ  အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် ဘက်ကတော့ တစုံတရာ ထုတ်ပြောလာတာ မရှိသေးပါဘူး။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024