ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင် တိုက်နယ်အဆင့် ကျေးရွာကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂ ရက်က စတင်ပြီး ပင်လယ်ကမ်းရိုးတန်းအတိုင်း ပုသိမ်မြို့နယ်ထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ မနေ့ ဇန်နဝါရီ ၉ ရက်က မကျီးဇင်တိုက်နယ်အဆင့် ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်တယောက်က “မှန်တယ်၊ AA က ထပ်သိမ်းယူတာ။ AA နဲ့ မဟာမိတ်တပ်တွေ သိမ်းသွားတဲ့ မကျီးဇင်ကျေးရွာက ရွာကြီးပါ။ တိုက်နယ်ဆေးရုံနဲ့ အထက်တန်းကျောင်းလည်းရှိတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ရွာစဉ်တလျှောက် ခုခံပေမဲ့ တရွာပြီးတရွာ နောက်ဆုတ်လာရတဲ့ အနေအထားကို တွေ့နေရပါတယ်” လို့ ပြောပါတယ်။
ရွှေသောင်ယံမြို့ထဲက ကုလားချောင်းမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဆက်လက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်ကူအင်အား အများအပြားနဲ့ ခုခံတိုက်ခိုက်နေကာ မကျီးဇင်နဲ့ ကုလားချောင်းက ဒေသခံတွေ ရွှေသောင်ယံမြို့ပေါ်ကို တိုက်ပွဲရှောင်နေရတယ်လို့ ဆိုပါတယ်။
ရွှေသောင်ယံဒေသခံတယောက်က “တိုက်ပွဲက ရွှေသောင်ယံမြို့အနီးက ကုလားချောင်းမှာ ဖြစ်နေတာ။ စစ်ကောင်စီဘက်က စစ်ကူတွေ မနည်းဘူး တက်လာတာတွေ့ရတယ်။ ရွာတော်တော်များများကို AA တပ်တွေက သိမ်းထားတာ ဟုတ်တယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ဇန်နဝါရီ ၁၀ ရက်အထိ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ထဲက ကမ်းခြေဒေသတွေဖြစ်တဲ့ ကျောက်ချွန်၊ ချောင်း၀ချိုင်၊ အမော်ကြီး၊ မကျီးဇင် စတဲ့ကျေးရွာ အများအပြားကို သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲက ဒီတိုက်ပွဲအခြေအနေ၊ နယ်မြေသိမ်းယူရရှိမှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ဘက်က ဇန်နဝါရီ ၁၀ ရက်အထိ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါ့အပြင် လက်ရှိ မကျီးဇင်တံတားကို အာရက္ခတပ်တော် (AA) က ကျော်ဖြတ်တိုက်ခိုက်ပါက ချိုင်လယ်၊ ဘောမိ စတဲ့ကျေးရွာတွေဆီ ရောက်ရှိမှာဖြစ်ပြီး စစ်ကောင်စီက မကျီးဇင်တံတား အနီးမှာ နေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။