Home
မြန်မာသတင်း
ပေါက်တောရှိ မွတ်ဆလင်ဒုက္ခသည်များကို AA စားနပ်ရိက္ခာထောက်ပံ့
DVB
·
January 7, 2025

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ မွတ်ဆလင် IDP စခန်းမှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို အာရက္ခတပ်တော် (AA) ရဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက စားနပ်ရိက္ခာ ကူညီထောက်ပံ့ခဲ့တယ်လို့ ULA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ပါတယ်။

အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းရှိ စားနပ်ရိက္ခာအထောက်အပံ့ အဓိကလိုအပ်နေတဲ့ အိမ်ထောင်စု ၁၄၀ ကို ဇန်နဝါရီ ၄ ရက်မှာ ကနဦးထောက်ပံ့ပေးထားပြီး စားနပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက်ပြုလုပ်ပေးဖို့ လိုအပ်နေသေးတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တယောက်ချင်းစီနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းဟာ ၂၀၁၂ ခုနှစ်ကတည်းက တည်ရှိနေတာဖြစ်ပြီး ၁၀ စုနှစ်တခုကျော်အထိ ရှိလာကြပြီလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း နေရပ်စွန့်ခွာနေတဲ့ စစ်ဘေးရှောင် ၆ သိန်းကျော်အထိ ရှိတယ်လို့ HDCO ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်တွေနဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေရဲ့ဒဏ်ကို ကြီးမားစွာ ခံနေကြရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013