Home
မြန်မာသတင်း
ငါးသိုင်းချောင်းအနီး ဗေဒါစစ်ဆေးရေးဂိတ်ကို AA နှင့် ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်
DVB
·
January 3, 2025
Photo-KKL

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီး စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။ 

ငါးသိုင်းချောင်းမြို့ နဲ့ မိုင် ၃၀ ကျော်အကွာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်နယ်ခြား စစ်ဆေးရေးဂိတ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို AA နဲ့ ပူးပေါင်းတပ်အဖွဲ့တွေက ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းက စပြီး အင်အားအများအပြားနဲ့ ဝင်ရောက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ 

ဒေသခံစစ်ရေးသတင်းရင်းမြစ်က ''မနေ့ နေ့လယ်ပိုင်းလောက်ကတည်းက ဝင်တိုက်နေတာလို့ သိရတယ်။ AA နဲ့အတူ တော်လှန်ရေးတပ်တွေလည်း ပါတယ်လို့သိရတယ်။ စကစဘက်ကလည်း အင်းအားဖြည့်တာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို AA နဲ့ တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်နေတဲ့အပြင် ရေကြည်နဲ့ ပုသိမ်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကားတွေကို ဗေဒါစစ်ဆေးရေးဂိတ် မရောက်မိ ၂၅ မိုင်ခန့်အကွာမှာ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ''တိုက်ပွဲက တော်တော်ပြင်းထန်နေပုံရတယ်၊ စကစတပ် ကားတွေ မနည်း ဗေဒါဂိတ်ဘက် တက်သွားတယ်။ ဒီနေ့ မနက် ၁၀ နာရီအထိ သိရတာ” လို့ ပြောပါတယ်။ 

ငါးသိုင်းချောင်းမြို့အနီး ဗေဒါစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဘက်က သေဆုံးနဲ့ ဒဏ်ရာရရှိတဲ့ တပ်သားအများစုဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး အရာရှိတွေက အနောက်ကနေ ကွပ်ကဲနေတာလို့ ဆိုပါတယ်။ 

ဗေဒါဂိတ်ကျသွားပါက ဧရာဝတီတိုင်း၊ ရေနံ့သာ စစ်ဆေးရေးဂိတ်နဲ့ အင်္ဂပူမြို့က အမြောက်တပ် အမတ ၃၄၄ ကိုပါ အာရက္ခတပ်တော် (AA) တပ်တွေက ဝင်ရောက်ရောက်လာမှာကို စစ်ကောင်စီက စိုးရိမ်နေပြီး စစ်အင်အား တိုးချဲ့ဖြည့်တင်းနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013