ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရက အာရက္ခတပ်တော် (AA) နဲ့ စတင်ပြီးတော့ ထိတွေ့ဆက်ဆံနေတယ်လို့ ပြောတဲ့အကြောင်း Telegraph India သတင်းမှာ ဖော်ပြပါတယ်။
ပါမောက္ခ ယူနွတ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက သူတို့အနေနဲ့ AA နဲ့ရော အာဏာသိမ်း စစ်ကောင်စီနဲ့ပါ ထိတွေ့ဆက်ဆံမှုရှိတယ်လို့ ပြောလိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာဘက်က နယ်စပ်ဧရိယာ တခု လုံးကို AA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဂျဟန်ဂါ အလမ်မ် ချောင်ဒူရီက “လက်ရှိမှာ (နှစ်နိုင်ငံထိတွေ့နယ်စပ်) အလျား ၂၇၁ ကီလိုမီတာ ရှိတဲ့ ဒေသတခုလုံးကို အာရက္ခတပ်တော် AA က အပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး တဖက်မှာလည်း မြန်မာနိုင်ငံကို (အာဏာသိမ်း) စစ်အစိုးရက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်အရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်စလုံးနဲ့ ထိတွေ့ဆက်ဆံမှု ရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း နယ်စပ်ဒေသတလျှောက် သူတို့ရဲ့ တာဝန်တွေကို သတိနဲ့ လုပ်ဆောင်နေပြီး ပြဿနာတစုံတရာ မကြုံရသေးဘူးလို့လည်း မစ္စတာ ချောင်ဒူရီက ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အပါအဝင် လုံခြုံရေးတပ်ဖွဲ့အားလုံးဟာ သူတို့ရဲ့ တာဝန်တွေကို အတတ်နိုင်ဆုံး သတိထားပြီး လုပ်ဆောင်နေပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အချိန်ပြည့် အာရုံစိုက် အဓိကထား လုပ်ဆောင်နေပါတယ်”
ဒါပေမဲ့လည်း တခါတရံမှာတော့ နယ်စပ်ဒေသမှာ သေနတ်သံတွေ၊ မော်တာကျည်တွေနဲ့ လှုပ်ခတ်မှုတွေ ရှိနေတဲ့အကြောင်း ဂျဟန်ဂါ အလမ်မ် ချောင်ဒူရီက ပြောဆိုပါတယ်။
“အကျိုးဆက်အနေနဲ့ နတ်မြစ်ထဲမှာ ငါးဖမ်းတာမျိုးက မလုံခြုံတော့ပါဘူး။ အခြေအနေတွေ ပိုကောင်းလာရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချနိုင်မှာပါ။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး တုံးသုတ်သင်သတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ကို ခိုလှုံခွင့်ပေးထားခဲ့တာပါ။
လက်ရှိအခြေအနေမှာလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ နယ်စပ်ကို ပိတ်ဆို့ ထားချိန်မှာပဲ တိုက်ပွဲတွေကြောင့် နိုင်ငံပိုင်နက်ထဲ ရိုဟင်ဂျာ ဦးရေ ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ကြား ထွက်ပြေးခိုလှုံလာကြတဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်တခု လိုအပ်ကြောင်းနဲ့ အသစ်ရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရသလို ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိတာမျိုးတွေကြောင့်လည်း သူတို့ကို ပြန်လည်ပို့ဆောင်ဖို့ ခက်ခဲစေတယ်လို့လည်း ပြောပါတယ်။
Source: Telegraph India