Home
မြန်မာသတင်း
ပုသိမ် ကမ်းရိုးတန်းရှိ စစ်ကောင်စီစခန်းများကို AA နှင့် မဟာမိတ်များ တိုက်ခိုက်နေ
DVB
·
January 5, 2025

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ရခိုင်ရိုးမနဲ့နီးတဲ့ ကမ်းရိုးတန်းဒေသတွေက စစ်ကောင်စီတပ် စခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ၊ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ချောင်းဝဂျိုင်၊ ပေါက်လှဂျိုင်၊ မကျီးဇင် စတဲ့ ကမ်းရိုးတန်းက ရွာတွေကို AA နဲ့ မဟာမိတ်တပ်တွေက ဇန်နဝါရီ ၂ ရက်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီ ကမ်းရိုးတန်းတပ်တွေနဲ့ ဖြစ်နေတာ၊ တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ။ စခန်းစွန့်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရတယ်။ AA က ထိုးစစ်ဆင်နေတာလို့ သိရတယ်” လို့  စစ်ရေး သတင်းအရင်းမြစ်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၃ ရက်နဲ့ လွတ်လပ်ရေးနေ့ ၄ ရက်က ချောင်းဝဂျိုင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို တောနင်း လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်၊ ရွာမှာ လုံးဝမနေရဲဘူး၊ ဘေးလွတ်မယ်ထင်တဲ့ ရွာတွေဘက်ပြောင်းနေရတယ်။ လေယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာ။ တနေ့ ဒီဘက်မှာ ဒီလိုဖြစ်လာမယ်ဆိုတာ ထင်ခဲ့တာ မမှားဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ AA နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ကြောင့် မကျီးဇင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်စခန်းတွေကိုရုပ်သိမ်းပြီး သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ (ဘောမိ) မှာ ပြန်အထိုင်ချ တပ်စွဲထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ကားလမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မိတ်သလင်စခန်းမှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013