Home
မြန်မာသတင်း
မောင်တောက စစ်ဘေးရှောင်များအား မြို့တွင်းပြန်ဝင်ခွင့်ပြု
DVB
·
January 5, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ဘေးရှောင်တွေကို ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မြို့တွင်း ဝင်ခွင့်ပြုလိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော်(AA)က စစ်ဘေးတိမ်းရှောင်နေကြတဲ့ မောင်တောမြို့ခံတွေကို အိမ်ထောင်စုစာရင်းတွေ စစ်ဆေးပြီး ခိုင်မာတယ်ဆိုရင် မြို့တွင်းကို ဝင်ခွင့်ပြုထားပြီဖြစ်တယ်လို့ မောင်တောမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။

“မောင်တောက စစ်ဘေးရှောင်တွေကိုတော့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး AA က မြို့တွင်းမှာ ဝင်ရောက်နေထိုင်ခွင့်ပြုတယ်။ AA ဘက်ကတော့ အိမ်ထောင်စုနဲ့လူဦးရေတွေကို သေချာစစ်ဆေးမှုတွေ ပြုလုပ်ပြီးတော့ ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီ။ တချို့တွေလည်း ဝင်ရောက်နေထိုင်မှုတွေ ပြုလုပ်နေကြပြီ ဖြစ်တယ်။ တချို့ကလည်း လေကြောင်းရန် စိုးရိမ်ပြီးတော့ စောင့်ကြည့်နေကြတာတွေရှိတယ်” လို့ပြောပါတယ်။

မောင်တောမြို့နယ်မှာ စစ်ဘေးရှောင် ၁ သိန်းလောက်ရှိနိုင်ပြီး AA က ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူစစ်ဘေးရှောင်တွေကို စစ်ရှောင်စခန်းတွေ သီးခြားခွဲပြီး စနစ်တကျ ခိုလှုံခွင့်ပြုထားတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

မောင်တောမြို့နယ်တခုလုံးကို AA က ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ စကခ ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းမိနိုင်ခဲ့သလို တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အသေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

မောင်တောမြို့နယ်မှာ ရခိုင်၊ မွတ်ဆလင်နဲ့ တခြား ရခိုင်မျိုးနွယ်စုဝင်တွေ နေထိုင်ကြတာဖြစ်ပြီး လက်ရှိမှာတော့ ရခိုင်တွေနဲ့ မျိုးနွယ်ဝင်တွေကိုပဲ မြို့ဝင်ရောက်နေထိုင်ခွင့်ပြုထားပြီး မွတ်ဆလင်တွေကို နောက်တသုတ်မှာ ဝင်ရောက်ခွင့်ပြုမယ်လို့ အသိပေးထားတယ်လို့ မောင်တောမြို့က စစ်ဘေးရှောင်နေတဲ့ မွတ်ဆလင်တယောက်က ပြောပါတယ်။

“မောင်တောမြို့တွင်းမှာ အခုပထမအသုတ်အနေနဲ့ ရခိုင်တွေနဲ့ မျိုးနွယ်စုတွေကို သွင်းနေတာတော့ ရှိတယ်။ မွတ်ဆလင်စစ်ရှောင်တွေ မပါသေးဘူး။ AA ဘက်ကတော့ ဒုတိယအသုတ်မှာ သွင်းပေးဖို့လို့ ပြောသံတော့ ကြားတယ်။ ကျနော်တို့ကတော့ ဖြစ်နိုင်ရင် အမြန်ဆုံး အိမ်ပြန်ချင်တယ်” လို့ပြောပါတယ်။

မောင်တောမြို့ခံတွေဟာ ဩဂုတ်လကတည်းက စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် AA က ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်စခန်းအနီးတွေမှာလည်း AA က မိုင်းတွေရှင်းလင်းနေတယ်လို့ဆိုပြီး  ရခိုင်တိုက်ပွဲ ၁ နှစ်ကျော်အတွင်းမှာ AA ဟာမြို့နယ် ၁၅ ခုအထိကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုလောက်ပဲ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013