ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းတနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ကြောက်လန့်ပြီး ကတုတ်ကျင်းထဲကနေပဲ နှစ်သစ်ကို ဖြတ်သန်းရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၄၀ မိနစ်မှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြေးလွှားပုန်းရှောင်ကြသူတွေ၊ ကတုတ်ကျင်းထဲမှာပဲ နေရသူတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “အပြင်မှာ အေးနေပေမဲ့ ရင်ထဲက ပူလောင်နေတာပဲ။ စစ်ရှောင်တွေရှိတဲ့ နေရာတွေကိုလည်း သူတို့က တမင်လာလာကြဲတာ။ နှစ်သစ်ကူးမှာ မပျော်ရချင် နေပါစေ၊ အသက်အန္တရာယ်ကင်းကင်း၊ လုံလုံခြုံခြုံနဲ့ အိပ်စက်ခွင့်ရချင်တယ်။ ခုက လေယာဉ်သံ ကြားတာနဲ့ ကြောက်လန့်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေပြီး စစ်ရှောင်စခန်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေလို့ စစ်ဘေးရှောင်ပြည်သူတွေ ထပ်ပြေးစရာမြေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အမျိုးသမီး နောက်တယောက်က “အစ်မတို့နားက ကတုတ်ကျင်းမရှိတော့ တောင်ဘေးက ရေမြောင်းလိုနေရာနားကို ပြေးကြတာ။ ကိုယ်နေတဲ့နေရာက မလုံခြုံသလို ဖြစ်နေတော့ နေ့စဉ် စိုးရိမ်စိတ်နဲ့ နေနေရတာပေါ့။ လန့်တာတော့ တအားလန့်သွားတာ” လို့ ပြောပါတယ်။
ည ၁၁ နာရီကျော်အချိန် ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူထိခိုက်မှု မရှိပေမဲ့ ညနေ ၄ နာရီက လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့ပြီး စိုးရိမ်ရသူလည်း ရှိနေတယ်လို့ သိရပါတယ်။