Home
မြန်မာသတင်း
နှစ်ကူးညက မန္တလေးနှင့် ကရင်နီတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး
DVB
·
January 1, 2025

ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ စစ်ကောင်စီက မန္တလေးတိုင်းနဲ့ ကရင်နီပြည်နယ်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

မနေ့ညက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီလောက်မှာ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို ဗုံးကြဲခံရမှုကြောင့် သားကျင်ရွာက အသက် ၅၂ နှစ်အရွယ် ဦးသန်းတင့် အပါအဝင် ဇနီးဖြစ်သူနဲ့ သား ၃ ယောက်တို့ ပွဲချင်းပြီး သေဆုံးပြီး ၂ ယောက် ဒဏ်ရရခဲ့တယ်လို့ သိရပါတယ်။

ငါန်းဇွန်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မိသားစုဝင် ၇ ဦးရှိတာ ဗုံးကြဲတော့ သေတဲ့ ၅ ယောက်မှာ ၂ ယောက်ပဲ အလောင်းပြန်ရတယ်။ ၃ ယောက်ကတော့ အစအနတွေဖြစ်ပြီး အလောင်းရှာမရဘူး။ ဒဏ်ရာရတဲ့သူတွေကလည်း စိုးရိမ်ရတယ်’’ လို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး နွား ၈ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကရင်နီပြည်နယ်၊ မြို့တော် လွိုင်ကော်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးတယ်လို့ Job For Kayah တာဝန်ရှိသူက ပြောပါတယ်။

မနေ့ညက ကရင်နီပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ဖြစ်စဉ်အတိအကျကို စုံစမ်းထုတ်ပြန်သွားမယ်လို့လည်း သူကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇,၀၀၀ ကျော်ထက်မနည်း ပြုလုပ်ခဲ့ပြီး နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၅၀ ကျော်ဟာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်း ၄ နှစ်တာနီးပါး ကာလအတွင်း အရပ်သား ၂,၀၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့လည်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013