Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပြည်သူ ၄ ဦးသေဆုံး
DVB
·
January 1, 2025

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းမှာ  စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင်း အရပ်သား ၄ ယောက် ထိခိုက်သေဆုံးခဲ့ပြီး ရဟန်းတပါး အပါအဝင် နောက်ထပ် ၉ ယောက် ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တစီးက   မွန်းလွဲ ၁ နာရီလောက်မှာ ယိုးတရုပ်ရွာမဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် ၂ ယောက်နဲ့ နောက်ထပ် ၂ ယောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာသားက ပြောပါတယ်။

"စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တစီးက  ၂ ကြိမ်လာပြီး​တော့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အခင်းဖြစ်တဲ့ နေရာမှာတော့ ၃ ဦး သေသွားတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား တဦး။ နောက်ထပ် ဒဏ်ရာပြင်းထန်ပြီး ဆေးရုံပို့ထားရတဲ့ ကလေးတယောက်လည်း ထပ်သေသွားတယ်လို့ သိရတယ်။ ရွာမှာက စစ်ဘက်ဆိုင်ရာ ဘာရုံးမှ ရှိတာမဟုတ်ဘူး" လို့ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ ဒေါ်မသာလှ (၇၆ နှစ်)၊ ၊ တန်ခိုးကျေးရွာက စစ်ဘေးရှောင်နေတဲ့ မဦးဆန်းနွယ် (၂၅ နှစ်)၊ ကွမ်းတောင်ကျေးရွာက စစ်ဘေးရှောင်နေတဲ့ ကိုမျိုးဇော်ထွန်း (၁၈ နှစ် ) နဲ့ အသက် ၉ နှစ်အရွယ် ကလေးတယောက်တို့ ဖြစ်ကြပါတယ်။

ဒါအပြင် ကျောင်းထိုင် ဆရာတော် အပါအဝင် နောက်ထပ် အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့လည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီးတော့ လက်ရှိမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့ မဆိုင်တဲ့ ဘာသာရေးအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာဟာ ယုတ်မာပြီးတော့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံက ပြောပါတယ်။

"ယိုးတရုပ်ဆိုတာ စစ်စခန်းတွေ၊ ရုံးတွေ အခြေစိုက်ထားတာ တခုမှ မရှိဘူး။ အခုလေကြောင်းတိုက်ခိုက်တယ်ဆိုတာကလည်း ဘာသာရေးအဆောက်အဦးနဲ့ စာသင်ကျောင်းတွေဖြစ်တယ်။ ဒီလိုနေရာတွေကို ရည်ရွယ်ပြီး တိုက်ခိုက်တယ်ဆိုကတည်းက စစ်ကောင်စီဟာ ပြည်သူတွေကို ယုတ်မာစွာ အငြိုးတေးထားပြီးတော့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတယ်ဆိုတာ ထင်ပေါ်စေတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင်း အရပ်သားတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုဟာ မကြာခဏဆိုသလို ရှိနေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်ကလည်း ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင်း အရပ်သား ၄ ယောက် သေဆုံးပြီး ၉  ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်သိမ်းပိုက်ထား ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013