တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ သိန်းခွန်းရွာတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယပတ်လောက်မှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး သိန်းခွန်းကျေးရွာအနီးနားဝန်းကျင်က ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်နေရတာဖြစ်ပါတယ်။
စစ်ရှောင်တွေကို ကူညီနေသူတယောက်က “စစ်ရှောင်သူတွေကတော့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်။ ဆောင်းရာသီလည်းဖြစ်တော့ အနွေးထည်အင်္ကျီတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။
နယ်မြေမငြိမ်သက်တာတွေနဲ့ လမ်းခရီးဆက်သွယ်ရေးမလွယ်တာကြောင့် တချို့စစ်ရှောင်တွေကို ကူညီရတာ အခက်အခဲရှိတယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။
မြေပြင်ရောက်စစ်ရှောင်ကူညီနေသူတယောက်က “ငွေကြေးတတ်နိုင်သူတွေက တခြားရွာနဲ့ မြို့တွေမှာ စစ်ရှောင်ကြတယ်။ တချို့ စစ်ရှောင်တွေကလည်း တောတောင်မှာ စစ်ရှောင်ကြတယ်။ သူတို့တွေကိုကူညီဖို့ စားနပ်ရိက္ခာ စရိတ်ကြီးတာနဲ့ လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲနေတယ်။ စစ်ရှောင် ၁,၀၀၀ ကျော်ဆိုတာကလည်း စာရင်းရှိသူတွေပဲ ဖြစ်တယ်။ နောက်ထပ်စာရင်းမရှိတဲ့ စစ်ရှောင်တွေလည်း အများကြီးရှိနိုင်သေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀ နာရီက တကြိမ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ တကြိမ် ထုံခါးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါသေးတယ်။