ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲက မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှိ့ ဖျက်ဆီးခဲ့လို့ ပြည်သူတွေ တောတောင်ထဲစစ်ရှောင်နေရပြီး အသက်ရှင်ရပ်တည်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ အိမ်ခြေ ၁၇၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ်မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးသူတယောက်က “သစ်ပင်အောက်မှာ ဒီတိုင်းအိပ်ရတယ်။ ညဖက်ဆိုတော်တော်အေးတယ်လေ။ သူတို့က ငိုနေကြတာ၊ စပါးတွေလည်း မီးရှို့ခံရတယ်။ အကုန်လုံးဘာမမရှိတော့ဘူးဆိုပြီး။ စစ်ကြောင်းထပ်ထိုးလာမှာကိုလည်း ကြောက်နေကြတာ”
စစ်ရှောင်နေရတဲ့ ပြည်သူအယောက် ၈၀၀ ကျော်အတွက် မိုးကာအဓိကလိုအပ်နေပြီး အိုးခွက်ပန်းကန်တွေ၊ စောင်နဲ့အနွေးထည်တွေ၊ ဆေးဝါးတွေနဲ့ ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ပါတဲ့ စစ်ကြောင်းနဲ့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့ ဒီဇင်ဘာ ၂၂ ရက်က မင်းပလောင်ကျေးရွာနားကိုမရောက်ခင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်က မင်းပလောင်ကျေးရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာကြောင့် ဒေသခံတွေ အခုလို အခက်အခဲတွေ ကြုံနေရတာလို့ ဆိုပါတယ်။