Home
မြန်မာသတင်း
ဘုတလင်၊ ဒီးမော့ဆိုနှင့် သပိတ်ကျင်း စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်၊ စစ်တပ်က စားနပ်ရိက္ခာများ လုယူ
DVB
·
April 29, 2024
ThaBeikGyinWarVictims_29042024
BuTaLinWarVictims_29042024
DeeMawSoWarVictimsIDPs1_29042024
DeeMawSoWarVictims_29042024

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ ရဲစခန်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရိက္ခာပြတ်နေလို့ စစ်ရှောင်ပြည်သူတွေဆီကနေ စားနပ်ရိက္ခာတွေ လုယက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ စစ်ဘေးရှောင် ကူတော်ရွာသားတဦးက “ကူတော်ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်သား ၁၀ ယောက်လောက်က ကျနော်တို့ စစ်ဘေးရှောင်တွေနေတဲ့ တောထဲကို ဆန်၊ ဆီနဲ့ ချက်စားစရာတွေ ဇွတ်အတင်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ဇွတ်လာလုယူသွားတာ။ ပစ္စည်းတွေယူပြီး အပြန်မှာ စစ်ဘေးရှောင်ပြည်သူတွေကို သေနတ်ထောက်ပြီး နွားလှည်းတွေနဲ့ လိုက်ပို့ခိုင်းလို့ လိုက်ပို့လိုက်ကြရသေးတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ဘေးရှောင်တွေဆီက ခြိမ်းခြောက်လုယူသွားတဲ့ ချက်ပြုတ်စားသောက်စရာတွေကို စစ်ဘေးရှောင်တွေကပဲ နွားလှည်း ၄ စီးနဲ့ ကူတော်ရဲစခန်းရောက်အောင် ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်ထဲက ကူတော်ကျေးရွာနဲ့ ရွာမွန်ကျေးရွာတွေဟာ စစ်ကောင်စီတပ်သားတွေ မကြာခဏ ဝင်ရောက်ဖျက်ဆီး၊ လုယက်၊ မီးရှို့ခံရလို့ စစ်ဘေးရှောင်ဘဝနဲ့ နေရပ်စွန့်ခွာပြီး တောတောင်တွေထဲမှာ ပြောင်းရွှေ့နေထိုင်နေကြရတာ ၂ နှစ်ကျော်ရှိနေပြီလို့ စစ်ဘေးရှောင်နေရတဲ့ ရွာမွန်ကျေးရွာသားတဦးက ပြောပါတယ်။

ကူတော်ရဲစခန်းကို ၂၀၂၂ ဧပြီလထဲမှာ PDF တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးပြီး လအနည်းငယ်မှာပဲ စစ်ကောင်စီတပ်က ပြန်လည်အထိုင်ချ တပ်စွဲထားကာ စစ်သားနဲ့ ပျူစောထီး ၃၀ နီးပါးလောက် ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းပေမဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး ပစ္စည်းတွေလုယုတာ၊ ကျေးရွာတွေကို မီးရှို့တာနဲ့ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ ရောင်ခြည်ဦး အပါအဝင် စစ်ရှောင်စခန်းတွေမှာ မိုးကာနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။

ရောင်ခြည်ဦး စစ်ရှောင်စခန်းက အိမ်ခြေ ၁၀၀ ကျော်မှာ လူဦးရေ ၂၈၀ ကျော်နဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၈၊ လူဦးရေ ၁၃၄ ယောက် စုစုပေါင်း ၄၀၀ ကျော် နေထိုင်နေကြကာ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၁၅၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

"အလှူရှင်လာတာလည်း တအားကျဲသွားပြီ။ ဆန်ပြတ်တာတွေလည်းကြုံရတယ်ပေါ့နော်။ ဆန်ပြတ်ပြီဆိုရင်တော့ ရှိတဲ့သူတွေနားကနေ ချေးငှားပြီး စားသောက်ရတာပဲ။ ဆေးဆိုလည်းအဲ့လိုပဲ။ နေမကောင်းဖြစ်ရင် ဆေးကျန်တဲ့သူနားက ခဏငှားပြီးသောက်ပေါ့။ နောက်မိုးကာက မိုးရာသီရောက်ရင်မလွယ်ဘူး။ အဓိကက အိပ်တဲ့နေရာ မလုံတာမျိုးက ပိုဆိုးတာပေါ့နော်" လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက ညောင်ကုန်း၊ ဒေါငံခါး၊ နမ်းမယ်ခုံနဲ့ လွိုင်ကော်မြို့တွေကနေ စစ်ဘေးရှောင်နေကြရတာ ၃ နှစ်ကျော် ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့အပြင် နေအိမ်မရှိတော့တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

"ကလေးတွေလည်းသနားပါတယ်။ မုန့်စားချင်တာတောင် မကျွေးနိုင်ဘူး။ မုန့်တောင်းစားရင် မသိချင်ယောင်ဆောင်ပြီး အာရုံပြောင်းပေးရတယ်။ အဲ့လိုပဲ တနေ့တနေ့လည်ပတ်နေတယ်" လို့ ကလေးမိခင်တဦးက ပြောပါတယ်။

စစ်ရှောင်နေကြတဲ့ ပြည်သူ အယောက် ၄၀၀ ကျော်အတွက် အသားဟင်းတနပ်နဲ့ ကလေးတွေအတွက် အအေးနဲ့ မုန့်တွေကို ဧပြီ ၂၈ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီနေသူတဦးက ပြောပါတယ်။

“အသားဟင်းက အခုအခြေအနေအရ စစ်ရှောင်ပြည်သူတွေ ခဏခဏစားရဖို့ဆိုတာ ခက်ခဲလာတယ်ပေါ့နော်။ တနပ်ဆိုလည်း တနပ်စာ အာဟာရ ရရှိစေချင်လို့ အသားဟင်း ကျွေးဖြစ်တာပါ။ ပြီးတော့ ကလေးတွေအတွက်ကော မုန့်အစုံနဲ့ အအေးလည်း တိုက်ခဲ့ပါတယ်။ အဓိကကတော့ အဝေးရောက် အလှူရှင်ရဲ့ကိုယ်စား သွားကူပေးတဲ့သဘောပေါ့။ တကယ်လိုအပ်တဲ့ နေရာကို တကယ် ထိထိရောက်ရောက် ကူချင်တာမျိုးပေါ့။”

စစ်ဘေးရှောင်အမျိုးသမီးတဦးက “အခုလို လာကျွေးတော့ ပျော်ကြတာပေါ့။ လူကြီးတွေပါ မုန့်တွေလည်းစားရ၊ အအေးလည်းသောက်ရတယ်။ ကလေးတွေအတွက်လည်း မုန့်အစုံစားရတော့ ကျေးဇူးတင်တယ်။ ပုံမှန်ဆို ကလေးတွေက မုန့်ပူဆာလည်း မသိချင်ယောင် ဆောင်နေရတာဆိုတော့လေ” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်ထိ ရှိနေပြီး စစ်ရှောင်ကာလ ကြာလာတာနဲ့ အလှူရှင်လာရောက်မှုနည်းပါးတာတွေကြောင့် စားနပ်ရိက္ခာလုံလောက်မှုမရှိတာ၊ မိုးကာနဲ့ သောက်သုံးရေ လိုအပ်တာတွေကြုံနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်ကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာပြီး ကျေးရွာကို မီးရှို့တဲ့အပြင် လက်နက်ကြီးနဲ့ နေ့စဥ်ပစ်ခတ်နေတာကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင် ၁,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရ​ပါတယ်။

ကြာညှပ်တိုက်နယ်ကို ဧပြီ ၂၅ ရက်မှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ဆယ်ဇင်းကုန်းအုပ်စု ပုတီးဖြူကျေးရွာနဲ့ လက်ပံကုန်းကျေးရွာတို့ကို ဧပြီ ၂၅ ရက် နေ့ခင်းပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခု စစ်ရှောင်လာရတဲ့ ရွာတွေက လက်လုပ်လက်စားသမားတွေ များပါတယ်။ ရိ​က္ခာတွေ စုဆောင်းထားတာ မရှိတော့ ခုလို ရုတ်တရက် စစ်ရှောင်ရတော့ ရိက္ခာတွေ ပါမလာဘူး။ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်။”

ကြာညှပ်တိုက်နယ်ထဲကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ် မီးရှို့တာကြောင့် ကျေးရွာ ၂ ရွာက နေအိမ်ပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့အပြင် ကြာညှပ်ကနေ လက်နက်ကြီးနဲ့ နေ့စဥ် လှမ်းပစ်နေတာကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကြာညှပ်တိုက်နယ်၊ ကိုးပင်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၈ ရက်မှာ လက်နက်ကြီး ရမ်းပစ်ခတ်တာကြောင့် ပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအခြေအနေတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက ကိုးပင်၊ လက်ပံကုန်း၊ ပုတီးဖြူ၊ ဆယ်ဇင်းကုန်း၊ မင်းကုန်း ကျေးရွာတွေက အခုလက်ရှိ စစ်ဘေးရှောင်နေရတဲ့ ရွာတွေဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အခြေခံ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013