ထိုင်းအစိုးရအဖွဲ့အတွင်း ရာထူးနေရာအပြောင်းအလဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘဟိဒါနုကွန်းဟာ သူပူးတွဲရယူထားတဲ့ ဒုတိယဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ခဲ့ရပြီးနောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကပါ နုတ်ထွက်စာ တင်လိုက်ပါတယ်။
ပမ်ပရီက သူဟာ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးနယ်ပယ်တွေမှာ ရိုးဖြောင့်စွာနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ ဒုတိယဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရတာကို မကျေနပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး ရာထူးကပါ နုတ်ထွက်လိုက်ကြောင်း စာမှာ အတိအလင်း ဖော်ပြခဲ့ပါတယ်။
အစိုးရအဖွဲ့ အပြောင်းအလဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အကြံပေးနဲ့ ရှေ့နေဟောင်းဖြစ်သူ ပီချစ် ချူအန်ဘန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာကတော့ အငြင်းပွားစရာ ဖြစ်လာပါတယ်။
ပီချစ်ဟာ အခြေခံဥပဒေပုဒ်မ ၁၆၀ အရ ဝန်ကြီးဖြစ်ခွင့်မရှိဘူးလို့ ဒီမိုကရက်ပါတီက ကန့်ကွက်ထားပါတယ်။
ပီချစ်ဟာ တရားရုံးချုပ် အရာရှိတဦးကို ဘတ် ၂ သန်းထည့်ထားတဲ့သေတ္တာ ပေးအပ်မှုအတွက် တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် ၆ လ ကျခံရဖူးပါတယ်။
ပမ်ပရီက ပြည်ပရောက် ထိုင်းလူမျိုးတွေ ဘေးကင်းရေးကိုပါ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ဟားမတ်စ်-အစ္စရေး ပဋိပက္ခမှာ ဓားစာခံအဖြစ် အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်အောင် ညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လောက်ကိုင်မှာ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်ရေးလည်း လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ပမ်ပရီက သူ့အောင်မြင်မှုတွေကို ဖော်ပြထားပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ခဲ့သလို အစိုးရရဲ့ ကုန်သွယ်ရေး တံခါးဖွင့်မူဝါဒကိုလည်း ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters