အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ ပြင်းထန်အပူလှိုင်းဒဏ် ရင်ဆိုင်နေရပြီး ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာမှာ အစိုးရကျောင်းတွေ ၂ ရက်ပိတ်ဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အာဏာပိုင်တွေက ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားသလို ဒေသခံတွေဟာလည်း ဥယျာဉ်ပန်းခြံတွေ၊ အဲကွန်းကောင်းတဲ့ ရှော့ပင်းစင်တာတွေမှာ အပူရှောင်နေကြရပါတယ်။
ရာသီဥတုပြောင်းလဲလာမှုဟာ အပူလှိုင်းတွေကို ပိုကြာမြင့်၊ ပိုအားကောင်းပြီး မကြာခဏ ဖြစ်ပွားလာစေတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ပါတယ်။
မနီလာမှာ ဧပြီ ၂၈ ရက်က စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပြီးတဲ့နောက် တနင်္လာ၊ အင်္ဂါ နှစ်ရက် ကျောင်းပိတ်ခဲ့ပါတယ်။
ထိုင်းမှာ ဒီနှစ်အတွင်း ပြင်းထန်အပူရှပ်ခြင်းကြောင့် သေဆုံးသူ ၃၀ ထက်မနည်း ရှိလာခဲ့ပါတယ်။ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း ရှေ့လာမယ့် ရက်တွေထဲမှာ အပူချိန်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်မှာပဲ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အပူချိန်ဟာ စံချိန်တင် မြင့်တက်ခဲ့သလို အထူးသဖြင့် အာရှမှာ အပူချိန်မြင့်တက်မှုက လျင်လျင်မြန်မြန်ကို မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပြီး ပုံမှန် ဧပြီလ ပျမ်းမျှအပူချိန်ထက် ၃ ကနေ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်မားနေပါတယ်။ မန္တလေးမြို့မှာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနိုင်ပါတယ်။
ကမ္ဘောဒီးယားမှာလည်း တချို့ဒေသတွေမှာ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားသလို ဗီယက်နမ်မှာလည်း နိုင်ငံမြောက်ပိုင်းမှာ ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယမှာလည်း အပူလှိုင်းကြောင့် ရွေးကောက်ပွဲ မဲပေးမှုအပေါ် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ကတော့ အပူချိန်ပြင်းထန်ပေမဲ့ ကျောင်းတွေဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။
Source/Photo-Reuters