(က)
စစ်ပြန်ကြီး အဘလုံးတုံး သူ့ရွာပြန်သွားတာ ကြာပြီဖြစ်၏။ ပြန်ရောက်တာနှင့် အဘစောမူးသာတို့အိမ် ရေနွေးကြမ်းဝိုင်းကို ရောက်လာပါလေ၏။ လက်ထဲမှာလည်း အထုပ်ကြီးတထုပ် ဆွဲလာတာ မြင်တော့ အဘစိမ်းမောင်က မေးပါလေ၏။
“ဘာတွေလဲဟ မူးသာရ”
“အမြည်းကောင်းတွေပေါ့ကွ စိမ်းမောင်ရ”
“တောကောင်ရခဲ့တယ် ထင်တယ်”
“ဆိုပါတော့ကွာ”
“ချေလား၊ တောဝက်လား . . . တခုခုပဲ”
“ဟဲ ဟဲ ဟဲ ဟဲ . . . မင်းထင်ရင် လွဲတာများတာ ခုချိန်အထိပဲ”
“ဟားဟား ဟားဟား ဟားဟား”
သို့ဖြင့် အဘလုံးတုံးက သူရခဲ့သော တောကောင်သားကို ပဟေဠိဖွက်ပါလေ၏။ “ခြေက လေးချောင်း၊ အမြီးလည်း ရှည်တယ်၊ လျှာလဲရှည်ပြီး အပြေးလည်း မြန်တယ်” ဟု ဆိုလေရာ အဘစိမ်းမောင်က “ပဒတ်တွေ ပဒတ်တွေ” ဟု အားရဝမ်းသာ ပြောပါလေ၏ ခင်ဗျာ။
“ပဒတ် ဟုတ်ဘူးကွ”
“အစကလေး ဖော်ပေးကွာ”
“အေး . . . မင်းပြောတဲ့ ပဒတ် တွေက တဖြည်းဖြည်းနဲ့ အဆမတန် တိုးပွားလာပြီး ဒီအထုပ်ထဲ အကောင်တွေကတော့ ခုဆိုရင် အတော့်ကို ရှားပါးတဲ့ သတ္တဝါတွေအဖြစ်ကို ဆိုက်ရောက်နေပြီကွ စိမ်းမောင်ရ။”
“အခုအချိန်ကာလမှာ ရှားပါးသတ္တဝါတွေ ဖြစ်နေပြီဆိုတော့ . . . ဘာကောင်တွေလဲကွာ”
အဘလုံးတုံးက စကားဝိုင်းကိုဝေ့ကြည့်ကာ ပြုံးစိပြုံးစိ လုပ်နေပြီး သကာလ ဤသို့ ပြောပါလေ၏။
“ခုချိန်မှာ ရှားပါးနေပြီဖြစ်တဲ့ မျိုးတုံးတော့မယ့် သတ္တဝါတွေကတော့ ဟောသည်က ‘ဖွတ်တွေ’ ကွ . . . ဟ ဟ ဟ”
“ဟေ . . . . . .”
ပြောလည်းပြော အထုပ်ကြီးကိုလည်း ဖွင့်ပြလာ၍ ကြည့်လိုက်ကြလေရာ ထွက်ပေါ်လာသော အရာကား မျက်လုံးကြီးတွေပြူးကာ လျှာကြီးပါ ထွက်နေပါသည့် ‘ဖွတ်ကြီး’ ကို ရုတ်တရက် မြင်ကြရပါလေတော့၏။
“ကဲ ကဲ . . . မူးသာရေ . . . သေသေချာချာကလေးချက်ကွာ၊ ဒီနေ့တော့ ဖွတ်သားနဲ့ ပွဲတော်တည်ပြီး မှိန်းကြတာပေါ့။”
“အေး အေး . . ဆီပျံနေအောင် ချက်ပေးမယ်၊ ကျက်ရင် ထမင်းေလွးကြမယ်၊ ကဲ ကဲ စိမ်းမောင် . . . ငြုတ်သီး ကြက်သွန် ကူထောင်းပေး။”
“ငါ ဖွတ်သား မစားဘူး မူးသာ”
"ဘာလဲကွ . . . ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်း ပျက်တတ်တယ် ဆိုလို့လား။"
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်မှာ မျက်နှာကြီး စိမ်းပုပ်သွားပါ၏။ ပြီးတော့ “ဘာလဲကွ ဇာတ်တူသားစားတယ်ဆိုတာ” ဟု မေးလေရာ အဘလုံးတုံးက ဤသို့ဖြေပါလေ၏။
“အခုဆိုရင် မင်းတို့ကိုးကွယ်နေတဲ့ ကြင်စိုး သာဝ မအလဟာ သူ့ဘေးနားမှာ ဝန်းရံနေကြတဲ့ ဒင်းလက်ပါးစေတွေကိုတောင်မှ ချနင်းပြီး ဖမ်းဟယ်၊ ဆီးဟယ်၊ ရိုက်ဟယ်၊ စစ်ဟယ် လုပ်နေပြီဆိုတော့ကာ များမကြာခင် အချိန်မှာပဲ သူ့ရဲ့ ‘ဖွတ်ကိုးသောင်း’ တပ်တော်ကြီးဟာ ပျက်စီးတော့မှာကွ။”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
(ခ)
“ဒါနဲ့ မင်းတို့အစိမ်းပါတီအကြောင်းလေး သတင်းမျှဝေပါဦး စိမ်းမောင်ရ” ဟု အဘစောမူးသာက ခပ်တည်တည်ပြောလေရာ အဘစိမ်းမောင်က မျက်လုံးလှန်ကြည့်ပါ၏။ ပြီးတော့ “မင်းတို့က ဘာသိချင်တာလဲ” ဟု မရဲတရဲ ပြန်မေးလာပါလေ၏ ခင်ဗျာ။
“ဒီလိုပါကွာ . . . မင်းတို့အဘ မအလကြီးက ရွေးကောက်ပွဲလုပ်မယ်ချည်း တွင်တွင်ပြောနေတော့ မိတ်ဖက်ဖြစ်တဲ့ မင်းတို့ပါတီရဲ့ လူကြီးတွေက ရွေးကောက်ပွဲ ဝင်မယ်ဆိုလို့ပါ။”
“အေးပေါ့ကွ . . . နစကဥက္ကဋ္ဌကြီးရဲ့ ရည်မှန်းချက်နဲ့ စေတနာကို နားလည်သဘောပေါက်တဲ့ သူတွေကတော့ ရွေးကောက်ပွဲ ဝင်ကြမှာပေါ့ကွာ။”
“သူလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဖြစ်လာမယ်လို့ မင်းတို့ထင်လား။”
“ထင်တာမဟုတ်ဘူး မူးသာရ၊ ယုံကိုယုံတာ။”
“ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား”
“မင်းတို့က ဘာရယ်ကြတာလဲဟ”
“ယုံတဲ့သူတွေကို သဘောကျလို့ပါကွာ”
သို့ဖြင့် ဒင်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံမှာ ‘တနိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းသော နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်မှ အဆိုပါရွေးကောက်ပွဲသည် အောင်မြင်အထမြောက်သည်’ ဟု ရေးထားခဲ့ကြောင်း ပြောကြလေရာ အဘစိမ်းမောင်က ဤသို့ ထရှင်းပါလေ၏။
“အခု နစကဥက္ကဋ္ဌကြီးက အဲသည်ဥပဒေပါ ‘၅၀ ရာခိုင်နှုန်း’ ဆိုတာကို တနိုင်ငံလုံး၏ ‘၃ ပုံ ၁ ပုံ’ မှာ ရွေးကောက်ပွဲကျင်းပနိုင်လျှင် အောင်မြင်သောရွေးကောက်ပွဲ ဖြစ်သည် လို့ ပြင်ထားတယ်ကွ။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ရုတ်တရက် ပြိုင်တူ ထ၍ ရယ်တော်မူကြပြန်လေရာ အဘစိမ်းမောင်မှာ တင်းသွားပြန်ပါလေ၏ ခင်ဗျာ။ “ငါပြောတဲ့အထဲမှာ ရယ်စရာမပါဘူး” ဟု ဘုတော တောပါလေ၏။
“မင်းတို့အဘ ကြင်စိုး သာဝ မအလ အုပ်ချူပ်ခွင့်ရနေသေးတဲ့ နယ်မြေတွေဟာ တနိုင်ငံလုံးမှာ ‘၃ ပုံ ၁ ပုံ’ လောက်ပဲ ရှိတော့တယ်လို့ ဆိုလိုတာပေါ့ကွာ။”
“အဲ . . . .”
“နောက် သိပ်မကြာခင် ‘တနိုင်ငံလုံး နယ်မြေ၏ ၂၅ ရာခိုင်နှုန်းတွင် ရွေးကောက်ပွဲ ကျင်းပနိုင်လျှင် အထမြောက်သည်လို့’ ထပ်ပြင်ဦးမှာပေါ့ကွာ။”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“ရီး တဲ့မှပဲ”
အဘစိမ်းမောင်၏ အဆဲကား မည်သူ့ကို ဦးတည်ပါသလဲ၊ အရွှင်အဘတွေကိုလား၊ သူတို့ ခုချိန်အထိ ကိုးကွယ်နေဆဲ သုံးစားမရသည့် မအလကြီးကိုလား မကွဲပြားပါလေ။
“ဘာပဲဖြစ်ဖြစ်ပေါ့ကွာ . . . ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့လူက အစိမ်းပါတီက သူ့ ‘စီနီယာတွေ’ ဖြစ်တဲ့ ထမင်းတနပ်လျှော့စားခိုင်းခဲ့တဲ့ ‘အစ်ကိုကြီး’ လို လူတွေကိုတောင်မှ ဖမ်းဆီး ထောင်ချပြီး ပိုင်ဆိုင်မှုတွေကို သိမ်းနေတာ ဆိုတော့ကာ။”
“အမ် . . . . .”
“အဲသလို မလုပ်ရဲတာ ဘာမှမရှိဘဲ ဇာတ်တူသားတောင် မြိန်ရေယှက်ရေ စားတဲ့သူဆိုတာ နောက်ဆုံးမှာ သူကိုယ်တိုင်ပါ ပျက်စီးကျဆုံး နိဂုံးချုပ်မှာဟ စိမ်းမောင်ရ။”
အဘစိမ်းမောင်ကား ခြံထဲသို့ လှမ်းငေးကာ တွေးတွေးဆဆ လုပ်နေသလိုပါပေ။ အရွှင်အဘတွေက ပေါ့ပေါ့ပါးပါး ပြုံးနေကြပါ၏။ အဘစောမူးသာက ခန့်မှန်းပြလာသည်မှာ. . .
“မအလက သူ့ရဲ့ထွက်ပေါက်ဟာ ‘ရွေးကောက်ပွဲ’ လို့ မှတ်ထင်စွဲနေတာကွ၊ ဒါပေမဲ့ ကြင်စိုးဟာ အဲသည် ရွေးကောက်ပွဲအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။”
“ဟေ . . . ဘာဖြစ်လို့လဲ”
“အေး . . . ဘာဖြစ်လို့လဲဆိုတော့ သိပ်မကြာခင်မှာပဲ မအလရဲ့ ‘လဒကိုးသောင်း’ တပ်ကြီးရဲ့ မျိုးတုံးမှုနဲ့အတူ မအလ ‘လဒကိုယ်တော်ကြီး’ ပါ တပါတည်း ပျက်စီးမျောပါပြီး စုန်းစုန်းမြုပ် ပျောက်ကွယ်သွားတော့မှာမို့ပါတဲ့ဗျာ။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
ဒီကနေ့စကားဝိုင်းမှာ ပဒတ်တွေလည်းပါ၏၊ ဟင်္သာတွေလည်းပါ၏၊ လဒတွေလည်းပါ၏၊ ဖွတ်တွေလည်း ပါ၏။ အဘစောမူးသာက ဖွတ်သားကိုင်နေရာမှ စကားစပါ၏။
“မြန်မာ့ရှေးရိုးစကားမှာ ‘ဖွတ်ထွက်မှ တောင်ပို့မှန်းသိ’ ဆိုတာ ရှိတယ်မဟုတ်လား။”
“ရှိတယ်လေကွာ . . . ‘ဘုရားမှတ်လို့ ကိုးကွယ်ပါတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ’ လို့ ဆိုတယ်လေကွာ။”
“ဟုတ်တယ် လုံးတုံး . . . မသိနားမလည်တဲ့သူတွေက တောင်ပို့ကလေးကို ဘုရားစေတီလို့ ယူဆပြီး ဦးကုန်းချနေတုန်း ဗြုန်းဆို အဲသည်အထဲက ဖွတ်ကြီးထွက်ချလာမှ ဟာကွာ. . . တောင်ပို့ကြီးဟ ဆိုပြီး အမြင်မှန်ရကြတာ မဟုတ်လား။”
“မှန်လိုက်လေကွာ . . . အခုလည်း မအလကို ကိုးကွယ်နေတဲ့သူတွေထဲကပဲ ရီးတဲ့မှပဲ . . . တောင်ပို့ကြီးဟ လို့ ရေရွတ်ပြောဆိုနေသံတွေ ညံနေပြီမဟုတ်လား။”
“ညံနေပြီ ညံနေပြီ”
“အေးကွ . . . ခုထက်ကို တောင်ပို့မှန်းမသိတဲ့ နလပိန်းတုံးတွေကလည်း ရှိသေးရဲ့။”
“အချို့က သိပင်သိနေပြီဖြစ်သော်လည်း အစွန်းရောက် စိတ်အခံကလေးတွေ ရှိနေသေးတော့ ငါတို့အဘများ ‘နိုင်’ ဦးမှာလား ဆိုတဲ့ မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်ကလေးနဲ့ အသက်ဆက်နေကြသေး ထင်ပါရဲ့ကွာ။”
“ရီး တဲ့မှပဲ . . .”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
အဘစိမ်းမောင်ကား ခေတ်ကာလ အခြေအနေကို မသိမဟုတ်၊ သိသင့်သလောက်တော့ သိသူသာ ဖြစ်ပါလေ၏။ သူ၏ ‘မျက်မှန်စိမ်း’ ကြီးကို ခုထိတပ်ထားဆဲဟု အရွှင်အဘတွေက သုံးသပ်ကြပါ၏။ စကားဝိုင်းကား သိမ်းကြတော့မည့် လက္ခဏာပါ။
“ဒါနဲ့ စိမ်းမောင် . . . မင်းတို့အဘ နကစ ဥက္ကဋ္ဌကြီးဟာ ဘာနဲ့ ‘ထွက်’ မယ် ထင်လဲ။”
“အဲ . . . နစက ဥက္ကဋ္ဌကြီးဟာ ‘ရွေးကောက်ပွဲ’ နဲ့ ‘ထွက်’ မှာလေကွာ။”
“ငါတို့ကတော့ မအလဟာ သိပ်မကြာခင်မှာပဲ တခြားဟာတခုခုနဲ့ ထွက်လိမ့်မယ်လို့ သူ့ဂြိုဟ်ခွင်မှာ မြင်နေကြတယ်ကွ။”
“အခြားဟာနဲ့ ထွက်မယ်ဆိုတော့”
“ဒရုန်းကချတဲ့ ဒရော့ဗုန်းနဲ့လား”
“ဟေ . . .”
“စနိုက်ပါသေနတ်က ကျည်နဲ့လား”
“ဟမ် . . .”
“လျှော့တိုက်ဒုန်း နဲ့လား”
“အဲ . . .”
“ချိန်ကိုက် မိုင်းနဲ့လား”
“ဟင် . . . .”
“ဒါမှမဟုတ် နောက်ကျောက ကပ်ထိုးလာမယ့် ဓားနဲ့လား”
“အမ် . . .”
“သူက ‘အသေထွက်’ မှာပါတဲ့ဗျား"
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)