Home
မြန်မာသတင်း
ပုသိမ်-မုံရွာလမ်းပေါ်၌ စစ်သားနှင့်ရဲများ စစ်ဆေးငွေညှစ်နေ
DVB
·
April 28, 2024
PatheinSACrubber_28042024
Pathein-MonYwa Road_28042024

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပုသိမ်- မုံရွာကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားနဲ့ ဆိုင်ကယ်တွေကို လုံခြုံရေးအကြောင်းပြစစ်ဆေးပြီး ငွေ ၅ သောင်းကနေ ၁ သိန်းအထိ တောင်းနေတယ်လို့ ကိုယ်တွေ့ကြုံရတဲ့သူတွေဆီကနေ သိရပါတယ်။

ပုသိမ်- မုံရွာ ကားလမ်းမကြီးပေါ်မှာ ဧပြီ ဒုတိယ အပတ်ကစလို့ ဒီကနေ့အထိ ကားနဲ့ဆိုင်ကယ်တွေကို လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး ကားသမားတွေဆီကနေ ၁ သိန်း၊ ဆိုင်ကယ်သမားတွေဆီကနေ ငွေကျပ် ၅ သောင်းအထိတောင်းယူနေသလို မပေးတဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက် နေတယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

“ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး ဘယ်ကလာတာလဲ၊ ဘယ်သွားမလို့လဲ၊ ဘာကိစ္စနဲ့ လာတာလဲ အကုန်စစ်တာ။ သေချာဖြေပေးတာ။ ထပ်ရစ်တာ၊ ဆိုင်ကယ်ပေါ်ကို ယောက်ျားလေး ၂ ယောက် စီးလာရလားလို့ဆိုပြီး ဖမ်းတာ။ မဖမ်းပါနဲ့ အရေးပေါ် အလုပ်နဲ့လာတာလို့ ပြောတော့ အဖမ်းမခံနိုင်ရင် ငွေပေးရမယ် လို့ပြောလို့ ၅ သောင်း ပေးခဲ့ရတာ” လို့ ပြောပါတယ်။

အဲဒီလို စစ်ဆေးငွေတောင်းနေတာကြောင့် လမ်းအသုံးပြုတဲ့သူတွေအနေနဲ့ အခက်အခဲ အတော်ရောက်နေပြီး ငွေကြေးမပြည့်စုံတဲ့သူတွေအဖို့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိရင်လည်း မသွားရဲဖြစ်နေတယ်လို့ ဒေသခံ တွေကဆိုပါတယ်။

ငါးသိုင်းချောင်း ဒေသခံတဦးက “အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်တာ။ ရေကြည်ဘက်ကို မိသားစု နေမကောင်းဖြစ်နေတဲ့ဆီ သွားရမှာ။ ဒါပေမဲ့ စစ်ဆေးငွေတောင်းနေတဲ့ သတင်းကြောင့် မသွားရဲဘူးဖြစ်နေတယ်။ ပြည်သူတွေ လုံခြုံရေးအတွက်လို့ပြောပြီး ဘာလို့ ငွေညှစ်တာလဲ။ ပြည်သူတွေ လုံခြုံမှုမရှိအောင် သူတို့ပဲလုပ်တာ” လို့ ပြောပါတယ်။

ပုသိမ်- မုံရွာ လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အခုလို စစ်ဆေး ဖမ်းဆီးငွေညှစ်နေတာကြောင့် ကုန်ကားသမားတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေ၊ ဈေးသည်တွေ၊ လယ်ယာထွက်ကုန်တွေကို မြို့ပေါ်တက်ရောင်းတဲ့ ကုန်သည်တွေ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုသိမ် - မုံရွာလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ပြီးခဲ့တဲ့ မတ်လအတွင်း ကလည်း ကားနဲ့ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းအတွက်လို့ အကြောင်းပြပြီး စစ်ဆေးဖမ်းဆီးငွေညှစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Photo - Myo Tun

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013