Home
မြန်မာသတင်း
ပေါက်တောတွင် လက်နက်ကြီး​ကြောင့် ၃ ဦး ဒဏ်ရာရ၊ လောင်းလုံးတွင် စစ်ကြောင်း တိုက်ခိုက်ခံရ
DVB
·
April 28, 2024
SACNavy PaukTaw_28042024
LaungLonePDF_28042024

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကို ဧပြီ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာတော့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး အရပ်သား တဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားမှာ ကမ်းကပ်ထားတဲ့ စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်တာဖြစ်ပြီး တောင်မော်ဦးကျေးရွာက အသက် ၁၅ နှစ်အရွယ် မောင်စိုးလွင်၊ ၁၆ နှစ်အရွယ် မငယ်မချေနဲ့ အနောက်ရဲ မွတ်ဆလင် ဒုက္ခသည်စခန်းက အသက် ၄၀ အရွယ် အမျိုးသားတဦးတို့ ဒဏ်ရာရသွားတာပါ။

ဒေသခံတဦးက “စစ်ကောင်စီ နေဗီကနေပြီးတော့ လက်နက်ကြီး ၃ လုံးပစ်တာ။ အဲဒီမှာ ရွာထဲမှာ ၁ လုံး ကျပြီးတော့ ကလေး ၂ ဦးနဲ့ မွတ်ဆလင်အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားတာ ဖြစ်တယ်။ ဒဏ်ရာတွေကတော့ နည်းနည်းပြင်းတယ်။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘဲ စစ်ကောင်စီက အရပ်သားတွေကို တမင်ရည်ရွယ်ပြီးပစ်တာ” လို့ပြောပါတယ်။

လက်နက်ကြီးကျည်ထိလို့ ဒဏ်ရာရရှိသွားသူတွေကို ဆေးကုသနေပြီး တောင်မော်ဦးကျေးရွာ နေအိမ် ၃ လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

ပြီးတဲ့ ဧပြီ ၂ ရက်နေ့ကလည်း စစ်တွေမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၂ ရဲတပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး ပေါက်တောမြို့နယ်၊ မော်ထုပ်ကြီးရွာကျေးက ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ကနေ စပ်ပြဲရွာဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၇ ရက်နေ့၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လောင်းလုံပကဖပြန်ကြားရေးတာဝန်ခံက “ပထမတကြိမ်ကကျတော့ သူတို့ဘက်က မိနစ် ၃၀လောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဒုတိယတကြိမ်မှာကျတော့ ပစ်လိုက်နားလိုက်နဲ့ ညနေ ၄ နာရီလောက်မှ တိုက်ပွဲပြီးသွားတယ်” လို့ ပြောပါတယ်။ 

အဲဒီတိုက်ပွဲတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က လောင်းလုံးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီး စပ်ပြဲရွာက လူငယ်တဦးကိုပါ အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာတွေမှာ မနေထိုင်ကြဖို့ လောင်းလုံမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း ထားဝယ်ကနေ ကျောက်နီမော်ကျေးရွာဘက်ကို ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို လောင်းလုံးမြို့နယ်ပကဖက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013