တရုတ်ရဲ့ ပမာဏများပြားတဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ဇာတ်ကြောင်းအမှားတွေနဲ့ ဆွပေးနေတာကို ရပ်တန့်ဖို့ တရုတ်က အမေရိကန်ကို ဧပြီ ၂၆ ရက်မှာ တိုက်တွန်းခဲ့ပြီး တရုတ် ကုမ္ပဏီတွေအပေါ် တရားမဝင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံအပြီး ဝမ်ယိက အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဘလင်ကန်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံခဲ့ပြီး အမေရိကန် အစိုးရက တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှိမ်နှင်းနေတယ်ဆိုတဲ့ တရုတ်ပြည်မကြီး အစိုးရရဲ့ စိုးရိမ်ချက်ကိုလည်း ရှီက ဘလင်ကန်နဲ့ တွေ့ချိန်မှာ ထပ်ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန်ပြည်ထောင်စုက အပြုသဘောနဲ့ ကြည့်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သောကြာနေ့က ပေကျင်းမြို့တော်က အစည်းအဝေးအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ချိန်မှာ ပြောလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်ရာ ချမ်းသာကြွယ်ဝမှုကို လိုက်လျောညီထွေဖြစ်စေဖို့ လုံလောက်အောင် ဒီကမ္ဘာကြီးက ကြီးပါတယ်လို့ ရှီက ပြောခဲ့ပါတယ်။
ရှီက “ယုံကြည်မှု၊ ပွင့်လင်းမှု၊ ကြီးပွားချမ်းသာပြီး တိုးတက်မှု ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုကို တရုတ်က တွေ့ရတာ ဝမ်းသာပါတယ်။ အမေရိကန်ကလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ ကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ တရုတ်-အမေရိကန် ဆက်ဆံရေး အမှန်တကယ် တည်ငြိမ်၊ တိုးတက်ပြီး ရှေ့ကို ဆက်သွားနိုင်ဖို့အတွက် မှန်ကန်အောင် တပ်ဆင်ရမယ့် အင်္ကျီတထည်ရဲ့ ပထမဆုံး ကြယ်သီးတလုံးလိုပါပဲ ” လို့ ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ကြား တွေ့ဆုံဆွေးနွေးမှုတွေ အားကောင်းစေဖို့၊ ကွဲပြားမှုတွေကို စီမံခန့်ခွဲဖို့နဲ့ တိုးတက်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်တာကို မြင်ချင်တာဟာ နှစ်နိုင်ငံစလုံးရဲ့ တူညီတဲ့ ဆန္ဒပဲလို့ ရှီက အလေးပေး ပြောဆိုပါတယ်။
“တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဘက်တွေ ဆိုတာထက် မိတ်ဖက်တွေ ဖြစ်သင့်တယ်၊ တယောက်ကို တယောက် ထိခိုက်နစ်နာစေမယ့်အစား အောင်မြင်အောင် ကူညီပါလို့” လည်း ရှီက ပြောပါတယ်။
ဘလင်ကန်က ဈေးပေါတဲ့ တရုတ်ပို့ကုန်တွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ မကျေမနပ် ပြောဆိုချက်တွေ အပါအဝင် အငြင်းပွားစရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ တိုးတက်မှု နည်းနည်းသာ ရခဲ့တာပါ။ သူ့ ခရီးစဉ်ကို သောကြာနေ့မှာ အပြီးသတ်ခဲ့ပါတယ်။
Source/Photo - Reuters/Mark Schiefelbein