Home
နိုင်ငံတကာ
လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ကိယက်ဗ် အရပ်ဘက်ဆေးရုံ ၂ ရုံ ရွှေ့ပြောင်း
DVB
·
April 28, 2024
People evacuate hospital after authorities declare possible danger of Russian strike, in Kyiv

ဘဲလာရုစ် KGB လုံခြုံရေးဌာန အကြီးအကဲဟာ ကိယက်ဗ်ရှိ အရပ်ဘက်ဆေးရုံတွေထဲ စစ်သားတွေရှိနေတာကြောင့် လေကြောင်းတိုက်ခိုက်မှုရှိမှာကို စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ပြီးနောက်မှာ ယူကရိန်းဟာ ဧပြီ ၂၆ ရက်မှာ အရပ်ဘက် ဆေးရုံ ၂ ရုံကို ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းခဲ့ပါတယ်။

စစ်သားတွေ ရှိနေကြတယ်ဆိုတဲ့ မဟုတ်မမှန် အကြောင်းပြချက်တခုနဲ့ ကလေးဆေးရုံ အပါအဝင် အဆောက်အဦ ၂ ခုကို တိုက်ခိုက်လိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့ အွန်လိုင်းဗီဒီယိုတခုက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြောင်း ကိယက်ဗ်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဘဲလာရုစ် KGB အကြီးအကဲ အိုင်ဗန် တာတဲလ် က တိုက်ခိုက်ရေးသမားတွေဟာ ကလေးတွေ နောက်ကွယ်မှာ ပုန်းအောင်းနေကြတာလို့ ဆိုပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ ဘဲလ်တာမှ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ကိယက်ဗ် ဆေးရုံ ၂ ရုံရဲ့ လိပ်စာတွေကို ပေးခဲ့တာ ဖြစ်ပါတယ်။ 

ကိယက်ဗ်မြို့ရှိ အာဏာပိုင်တွေက သူတို့ဟာ ဆေးရုံ ၂ ခုလုံးက လူနာတွေနဲ့ ဝန်ထမ်းတွေကို တခြားဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေဆီ ရွှေ့ပြောင်းပေးထားကြောင်း ပြောပါတယ်။ လူနာတွေ အထူးသဖြင့် ကလေးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းစေဖို့ တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါတယ်လို့ သောကြာနေ့က အဲဒီဆေးရုံ ၂ ရုံဆီ သွားရောက်ခဲ့တဲ့ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကို က ပြောပါတယ်။ 

ဧပြီလ ၂၇ ရက်မှာတော့ ရုရှား ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ခါကိဗ်ရှိ ဆေးရုံတရုံကို သီသီလေး လွဲချော်ခဲ့ပြီး မြေပြင်မှာ တွင်းပေါက်ကြီးတခု ဖြစ်ကျန်ခဲ့ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်အတွင်း ဆေးရုံရဲ့ ဘလောက်တခုထဲမှာ လူ ၆၃ ဦးရှိနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်ရ် တယ်ရယ်ခေါ့ဗ် က ပြောပါတယ်။ 

အဲဒီဒုံးပျံက ဘလောက်တခုကို ထိမှန်ခဲ့တယ် ဆိုရင်တောင် အသေအပျောက် အများကြီး ရှိသွားနိုင်တာကြောင့် ကံကောင်းသွားတယ်လို့လည်း ဆိုပါတယ်။ အဓိက လုပ်ရမယ့်ကိစ္စကတော့ ခါကိဗ်ရဲ့ လေပိုင်နက်ကို ပိတ်ချပစ်လိုက်ဖို့ပါလို့လည်း ပြောပါတယ်။ ယူကရိန်းလေတပ်ရဲ့ တပ်မှူးက ပြောပါတယ်။ 

ရုရှားဟာ သူ့ရဲ့ ညတွင်းချင်း ပေါင်းစပ်တိုက်ခိုက်မှုတွေမှာ ခရုဇ်ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည် စုစုပေါင်း ၃၄ စင်းကို အသုံးပြု တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်က အဲဒီထဲက ၂၁ ခုကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်ရဲ့ တပ်မှူးက ပြောပါတယ်။

Source/Photo - REUTERS/Alina Smutko

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013