စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၁၃ နှစ်သားအပါအဝင် ညီအစ်ကို ၃ ဦးကို စစ်ကောင်စီတပ်သားတွေက အိမ်ထဲကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဟုမ္မလင်းမြို့နယ်မှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် - SNA က ရဲဘော် ၅ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်လာတယ်လို့ သိရပါတယ်။
မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာနေထိုင်တဲ့ ညီအစ်ကို ၃ ဦးကို ဧပြီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်အတွင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “စစ်သား ၁၀ ယောက်လောက် အိမ်စီးကားနဲ့ရောက်လာပြီး သူတို့ညီအစ်ကို ၃ ယောက်ကို မျက်နှာတွေကို အဝတ်စည်းပြီး ဖမ်းခေါ်သွားတာ တွေ့လိုက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားသူတွေဟာ အသက် ၂၀ ကျော် ညီအစ်ကို ၂ ယောက်နဲ့ အငယ်ဆုံးက အသက် ၁၃ နှစ်အရွယ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “အကြီးလေး မျက်နှာသစ်နေတုန်း သူတို့တွေက အိမ်ထဲဝင်လာပြီး ဒူးထောက်ခိုင်းတယ်။ PDF လားလို့ မေးတယ်။ စစ်သားတွေက သူ့ညီ ၂ ယောက်ရဲ့ အိပ်ရာထဲသွားပြီး ခြေထောက်နဲ့ကန်နှိုးပြီး မျက်နှာတွေကို အဝတ်စည်းပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရသေးဘူး။ သူ့မိဘတွေက ကလေးတွေအတွက် အရမ်းစိတ်ပူနေကြတယ်” ပြောပါတယ်။
မတရားဖမ်းဆီးခံရတဲ့ ညီတစ်ကို ၃ ယောက်ဟာ စစ်ကောင်စီတပ်သားတွေ စွပ်စွဲသလို PDF တွေ မဟုတ်ကြဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ညီအစ်ကို ၃ ဦး အဖမ်းခံရတာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မုံရွာရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ‘စစ်တပ်က ဖမ်းတာဖြစ်လို့ သူတို့မသိရပါဘူး’ လို့ပဲ တာဝန်မှူးက ပြန်လည်ဖြေဆိုပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေ နေ့စဉ်နဲ့အမျှ လုပ်နေလို့ ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဟုမ္မလင်းမြို့နယ်မှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် - SNA က ရဲဘော် ၅ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်လာတယ်လို့ သိရပါတယ်။
ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “တပ်စိတ်မှူးအဆင့်သူ ၂ ဦးနဲ့ တပ်သားအဆင့်ရှိသူ ၃ ဦးဟာ ရပ်ကျေး ပ.က.ဖတွေနဲ့ ချိတ်ဆက်ပြီး ဧပြီ ၂၄ ရက်နေ့က အလင်းဝင်ရောက်လာကြတာပါ။ ကျနော်တို့အဖွဲ့ဆီကို ရှမ်းနီအမျိုးသားများတပ်မတော် - SNA ကနေ အလင်းဝင်လာတဲ့သူ ၉ ဦးရှိနေပါပြီ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေနဲ့အတူ HK 33 သေနတ် ၁ လက်၊ AK 1 သေနတ် ၁ လက်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၉၀ နဲ့ ၅ ဒသမ ၅၆ ကျည် ၁၈၄ တောင့်အပ်နှံလို့ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်ရောက်လာသူတွေကို ဆုကြေးငွေ ချီးမြှင့်တာတွေအပြင် နေထိုင်စားသောက်ရေး၊ လုံခြုံရေးတို့အတွက် စီမံဆောင်ရွက်ပေးထားတယ်လို့လည်း သိရပါတယ်။