Home
မြန်မာသတင်း
စစ်တပ်ဝါဒဖြန့်ချန်နယ်များ၌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ သတင်းများ ဖော်ပြပြီးနောက် ပြန်ဖြုတ်ချ
DVB
·
April 28, 2024
SoeWin_28042024

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဧပြီ ၂၆ ရက်က လူမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာဆိုတဲ့ သတင်းနဲ့ဓာတ်ပုံကို  စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ  တင်ခဲ့ပြီးနောက် ဒီနေ့မနက်မှာ ပြန်လည်ဖြုတ်သွားပါတယ်။

စစ်ရေးသတင်းတွေတင်လေ့ရှိတဲ့ “စစ်သတင်း” ချန်နယ်တခုက ဧပြီ ၂၆ ရက်က ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာနေပြီး အောင်ဇေယျစစ်ဆင်ရေးကို ဦးဆောင်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ် လက်အောက်ခံ မြဝတီရုပ်သံရဲ့လက်ခွဲဖြစ်တဲ့ ရုက္ခစိုးချန်နယ်ကလည်း အဆိုပါသတင်းကို ဖော်ပြခဲ့ပြီး ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

အလားတူ စစ်ကောင်စီသတင်းတွေနဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ ဖွင့်လှစ်ထားတဲ့ နေပြည်တော်ချန်နယ်နဲ့ Truth ချန်နယ်တွေမှာလည်းဖော်ပြပြီး ဒီနေ့မနက်မှာ ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

အလားတူပင် သဇင်ဦး၊ ဘညွန့်၊ ဟန်ငြိမ်းဦး၊ ကျော်စွာ အစရှိတဲ့ စစ်ကောင်စီ သတင်းပေးချန်နယ်တွေမှာလည်း အရင်ရက်တွေက ဒုကာချုပ်သတင်းကို ဖော်ပြကြပေမဲ့ နောက်ပိုင်းတင်ထားတဲ့ Post တွေကို ပြန်လည် ဖြုတ်ချခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး တပ်နဲ့နီးစပ်သူတဦးက "သူတို့တင်တဲ့ပုံတွေက မတ် ၁၄ ရက်က အောင်ပန်းကို ဒုချုပ်လာတုန်းက ရိုက်ထားတဲ့ပုံတွေ ဒုချုပ်သတင်းကို တပ်ကလူတွေတောင် ဘယ်ရောက်နေမှန်းမသိဘူး။ အပေါ်က အရင်ရိုက်ထားတဲ့ပုံတွေ ပေးပြီး ဝါဒဖြန့်ခိုင်းတာ"လို့ ပြောပြပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လူမြင်ကွင်းကနေ  ကွယ်ပျောက်နေတာ သီတင်း ၃ ပတ်လောက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီပြန်ကြားရေးနဲ့ စစ်တပ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတွေကလည်း  ဒုချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေရေရာရာ ပြောကြားတာ မရှိပါဘူး။ 

ဧပြီ ၃ ရက်က ဗထူးမြို့မှာ ကျင်းပခဲ့တဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၂၇ သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့တဲ့သတင်းဟာ ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာတွေမှာ နောက်ဆုံးဖော်ပြခဲ့တဲ့သတင်း ဖြစ်ပါတယ်။

ဧပြီ ၈ ရက်နဲ့ ၉ ရက်မှာတော့ မော်လမြိုင်မြို့   အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်ဆင်ရေးအတွက်  ကစထမှူး၊ တိုင်းမှူနဲ့ တပ်မမှူးတွေစုပြီး အစည်းအဝေးလုပ်နေချိန် Alpha Bats Drone Force အဖွဲ့မှ ဒရုနန်းဗုံးနဲ့ တိုက်ခိုက်စဉ် ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

တပ်တွင်းအသိုင်းအဝိုင်းမှာလည်း ဒုစစ်ခေါင်းဆောင်ရဲ့သတင်းကို မေးမြန်းမရဖြစ်နေပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ  လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေတဲ့အကြောင်း  မီဒီယာတွေကို ဖြေဆိုထား ပါတယ်။

ဒါပေမဲ့ စစ်ရုံးချုပ်နဲ့ စစ်ကောင်စီရုံးတွေမှာကျင်းပတဲ့ အစည်းအဝေးပွဲတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဗိုလ်ချုပ်ကြီးမိုးအောင်တို့သာ တက်ရောက်ခဲ့ပြီး ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို မတွေ့ရလို့  တပ်တွင်းမှာ အရာရှိတွေကရော တပ်သားတွေကပါ  ဒုချုပ်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ မေးခွန်းထုတ်နေကြပါတယ်။ 

နေပြည်တော်နဲ့ တပ်တွင်းအသိုင်းအဝိုင်းမှာ ဒုကာချုပ်နေရာကို ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ ၃ ဦးထဲက တဦးကို ရွေးချယ် ခန့်ထားမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013