အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ဗိုက်ထဲကနေ လမစေ့ဘဲခွဲမွေးပြီး ကယ်ဆယ်နိုင်ခဲ့တဲ့ ကလေးငယ်ဟာ ၅ ရက်အကြာမှာ သေဆုံးသွားပြီ ဖြစ်တယ်လို့ သူ့ဦးလေးဖြစ်သူက ဧပြီ ၂၆ ရက်မှာ အတည်ပြုပါတယ်။
မိခင်၊ ဖခင်နဲ့ လေးနှစ်အရွယ် အမဖြစ်သူတို့ အကုန်ဆုံးပါးသွားခဲ့ပေမဲ့ ရက်သတ္တပတ် ၃၀ သာ ရှိသေးတဲ့ ကလေးကိုတော့ ဆရာဝန်တွေ အရေးပေါ်ဗိုက်ခွဲထုတ်ပြီးကယ်ဆယ်ခဲ့တာပါ။
ဆုံးပါးသွားတဲ့ မိဘတွေ ရည်ရွယ်ထားတဲ့အတိုင်း ဦးလေးဖြစ်သူက ဒီမိန်းကလေးကို ဆာဘရီးန် ဂျိုဒါလို့ နာမည်ပေးခဲ့ပါတယ်။
ဆာဘရီးန်ကို ဂါဇာက ဆေးရုံတစ်ရုံမှာ ဖန်ပေါင်းချောင်နဲ့ ထားပေမဲ့လည်း ကျန်းမာရေးက ယိုယွင်း လာခဲ့ပြီး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ ဆာဘရီးန်တို့ရဲ့ ရာဖာမြို့က အိမ်ကိုထိမှန်ခဲ့အပြီးမှာ တမိသားစုလုံး သေဆုံးခဲ့ပါတယ်။
ဆာဘရီးန်ကို အရေးပေါ်ခွဲထုတ်ပြီး စောင့်ရှောက်ထားပေမဲ့ လမစေ့တဲ့ကလေးဟာ သက်ဆိုး မရှည်ခဲ့ပါဘူး။
မူလက ပုံမှန်အခြေအနေပြန်ဖြစ်ပြီး တစ်လ ကျော်လောက်နေရင် ဆေးရုံကဆင်းရမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ၅ ရက်ပဲ ခံခဲ့တာပါ။
အကယ်၍ ဆေးရုံက ဆင်းရင်လည်း ဒီကလေးဟာ ဘယ်သူနဲ့နေရမလဲဆိုတဲ့ ပြဿနာရှိနေခဲ့ပေမဲ့ အခုတော့ ဒီအတွက် ပူစရာမရှိတော့ပါဘူး။ ဆာဘရီးန်ကို သူ့ဖခင်ကိုမြှုပ်နှံထားတဲ့ နေရာဘေးမှာပဲ မြှုပ်ပေးခဲ့တယ်လို့ ဦးလေးဖြစ်သူ ရာမီ အယ်လ်ရှိတ်က ဆိုပါတယ်။
Source/Photo - Reuters