ဗီယက်နမ် ပါလီမန်ဥက္ကဋ္ဌ ဗွန်ဒင်ဟျူဟာ အသေးစိတ်မဖော်ပြထားတဲ့ ချိုးဖောက်မှုတွေနဲ့ ချိုးယွင်းချက်တွေကြောင့် ရာထူးက နုတ်ထွက်လိုက်တယ်လို့ ဗီယက်နမ်ကွန်မြူနစ်ပါတီက ထုတ်ပြန်ပါတယ်။
ဗီယက်နမ်မှာ သမ္မတကို ရာထူးက ထုတ်ပယ်ပြီး မကြာသေးခင်မှာပဲ လွှတ်တော်ဥက္ကဋ္ဌပါ ရာထူးက ဆင်းပေးရတာ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကို အဓိကမှီခိုနေရတဲ့ ဗီယက်နမ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
အသက် ၆၇ နှစ်အရွယ် ဟျူဟာ ဗီယက်နမ်မှာ အာဏာအကြီးဆုံးရာထူးဖြစ်တဲ့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးရာထူး ဆက်ခံဖို့ ဖြစ်နိုင်ခြေရှိတဲ့ သူတွေထဲက တဦးအဖြစ် ထင်ကြေးပေးခံရသူပါ။
လက်ရှိလွှတ်တော်ဥက္ကဋ္ဌရာထူးကလည်း ဗီယက်နမ်ရဲ့ မဏ္ဍိုင်လေးရပ် ခေါင်းဆောင်မှုစနစ်မှာ ထဲက အဓိကမဏ္ဍိုင် တခုဖြစ်ပါတယ်။
ရဲဘော် ဗွန်ဒင်ဟျူရဲ့ ချိုးဖောက်မှုတွေနဲ့ အားနည်းချက်တွေဟာ အများပြည်သူကြားမှာ အနုတ် လက္ခဏာဆောင်တဲ့အမြင်မျိုး ဖြစ်ပေါ်စေခဲ့ပြီး ပါတီ၊ နိုင်ငံတော်နဲ့ သူကိုယ်တိုင်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေခဲ့တယ်လို့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌရဲ့ လက်ထောက်ဖြစ်သူဟာ အခြေခံအဆောက်အအုံကုမ္ပဏီတခု ပတ်သက်နေတဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အဖမ်းခံခဲ့ရပြီးနောက် ဥက္ကဋ္ဌကိုယ်တိုင်လည်း ရာထူးက ဆင်းပေးခဲ့ရတာပါ။
လက်ရှိမှာ အိုမင်းလာပြီဖြစ်တဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရောင်ဟာ ၂၀၂၆ မှာ ကုန်ဆုံးမဲ့ တတိယသက်တမ်းပြီးရင် ဆက်ခံသူကို အာဏာလွှဲမယ်လို့ ယူဆရတဲ့အချိန်မှာ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထရောင်နေရာကို ဆက်ခံဖို့ အဖြစ်နိုင်ဆုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးဆောင်နေတဲ့ အသက် ၆၆ နှစ်အရွယ် ပြည်သူ့လုံခြုံရေး ဝန်ကြီး တိုလမ်လို့ သုံးသပ်ကြပါတယ်။
Source/Photo - Reuters