ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် ထိခိုက်သေဆုံးပြီး စစ်ကိုင်းတိုင်းမှာတော့ မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး MA 1 သေနတ်တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။
အုတ်ဖိုမြို့နယ်မှာ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်ကနေ ဧပြီ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ၇ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
“အုတ်ဖိုမြို့နယ် အရှေ့ဘက်ဗျူဟာလမ်း တင်းဝါးချောင်းရွာနားမှာ ကျနော်တို့ PDF တပ်ပေါင်းစု ရဲဘော်တွေနဲ့ စစ်ခွေးအင်အား ၄၀ လောက်ပါတဲ့ တပ်မ ၆၆ လက်အောက်ခံခွေးတပ်တို့ ၂ ရက် နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း (၃၈၀၁) တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာတော့ ဧပြီ ၂၅ ရက် မနက်အစောပိုင်းက မုံရွာ နမခကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နယ်မြေခံ ပကဖနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး MA 1 တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ BNRA ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကြီးက “အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ (နမခ) က အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ် ကြောင်းကို ဘုတလင်မြို့နယ်၊ ထန်းတောရွာအနီးမှာ ခြုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဗျ။ ထိတွေ့မှုတိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့်ဖြစ်သေးတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့ပြေးကင်းရဲ့ MA 1 တလက်၊ ကျည်ဘောက် ၂ ဘောက်၊ အီနာဂါ ၁ လုံး၊ စစ်ယူနီဖောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ တိုက်ပွဲအတွင်း BNRA က ရဲဘော်တဦး လက်နက်ကြီးအစ ထိမှန်ခဲ့တယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီး ထန်းတောရွာက ပြည်သူ့နေအိမ် ၅ လုံးကို ဖျက်ဆီးခဲ့ပြီး လက်ရှိမှာတော့ ဘုတလင်မြို့နယ်၊ ရုံးတောရွာမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။