Home
မြန်မာသတင်း
မတ္တရာက ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့၊ စစ်ကြောင်းထိုးသဖြင့် ဆားလင်းကြီး ပြည်သူများ ထွက်ပြေး
DVB
·
April 28, 2024
SarLinGyi WarVictims_28042024
MattaYa Fire SAC_28042024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက်မှာ မီးရှို့ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာတော့ စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၅ ရွာက ပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။

စဉ့်ကူးမြို့နယ်က စစ်သား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းတခုနဲ့ မတ္တရာမြို့နယ်၊ မိုးကြိုးကျေးရွာက စစ်သား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ရှင်လှကျေးရွာ၊ ဟင်္သာကုန်းကျေးရွာနဲ့ ထန်းခြောက်ပင်ကျေးရွာတို့ကို မီးရှို့ခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ဘိုတောက်က ပြောပါတယ်။

“ခုထိတော့ ကျနော်တို့အနေနဲ့ မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက်ကို သေချာ မစိစစ်နိုင်သေးပါဘူး။ မီးရှို့သွားတဲ့ စစ်ကြောင်းက နေ့လယ်ပိုင်းမှာ မတ္တရာဘက်ကို တပ်ပြန်​ဆုတ်သွားပါပြီ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အားသုံးပြီး စစ်ကြောင်းထိုးလာတာကြောင့် မတ္တရာမြို့နယ် အနောက်ခြမ်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာတော့ မုံရွာ-ပုသိမ်လမ်းမပေါ်မှာရှိတဲ့ ရဲတပ်ရင်း ၂၈ ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ဧပြီ ၂၇ ရက် မနက်ပိုင်းက ဂုဏ်တောရွာနားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။

ဒုန်းတောရွာသားတယောက်က “ဒီစစ်ကြောင်းက မုံရွာဘက်က ကူးလာတာတော့ ကြာပြီ။ ရဲတပ်ရင်း ၂၈ မှာ တပ်စွဲနေတာ။ ဒီနေ့မှ စစ်ကြောင်းက စလှုပ်တာ။ သူတို့ ထွက်လာပြီး ဂုဏ်တောရွာထိပ် ယင်းမာပင်တံတားအဆင်းမှာ မိုင်းဆွဲခံရတာ။ စစ်အင်အား ၁၀၀ လောက်ရှိမယ်။ ကျနော်တို့ ဒေသခံတွေကတော့ စစ်ကြောင်းရောက်လာတဲ့ ဧပြီ ၂၃ ရက်နေ့ကတည်းက ရွာကနေ ထွက်ပြေး‌နေကြရတယ်” လို့ ပြောပါတယ်။

ကျေးသကျရွာ၊ ဒုန်းတောရွာ၊ ဂုဏ်တောရွာ၊ ဘိန်းနွယ်ချောင်ရွာ၊ ကံကုန်းရွာက‌ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတာလို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “ဂုဏ်တောရွာအနီးမှာက မိုင်း ၂ လုံး၊ ဖောင်းကတာရွာအနီးမှာလည်း မိုင်းကွဲတယ်။ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာကတော့ စစ်ရေးသတင်းဆိုတော့ ကျနော်တို့ဘက်က ပြောလို့မရသေးဘူး။ အချိန်တခုရောက်လာရင် လုပ်ဆောင်တဲ့အဖွဲ့က ထုတ်ပြန်လာပါလိမ့်မယ်ဗျ။ စစ်တပ်ဘက်ကတော့ ထိခိုက်တာတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ အဲဒီလို မိုင်းကွဲပြီး ကံကုန်းရွာအစွန်က ပြည်သူ့နေအိမ်၂လုံးကို စစ်တပ်ကတော့ မီးရှို့သွားတယ်” လို့ ပြောပါတယ်။

ဂုဏ်တောကျေးရွာဟာ မုံရွာ-ပုသိမ်လမ်းမရဲ့ အရှေ့ဘက်ကပ်လျက်မှာ တည်ရှိပြီး ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ် တောင်ဘက်မှာ တည်ရှိတဲ့ကျေးရွာတရွာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013