အမေရိကန်ရဲ့ စစ်ရေးအကူအညီထပ်ရဖို့ သေချာသွားပေမဲ့ လက်ရှိမှာ လေကြောင်းရန် ကာကွယ်ရေးလိုအပ်ချက်ရှိနေတဲ့ ယူကရိန်းနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဧပြီ ၂၇ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းကနေ တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ် ၂၂ ရက်နောက်ပိုင်း ယူကရိန်း ဓာတ်အားပေးစနစ်ကို ပစ်မှတ်ထားတဲ့ စတုတ္ထအကြိမ်မြောက် အကြီးစားတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။
အာတိတ်စက်ဝိုင်းဒေသမှာ အခြေစိုက်ထားတဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကပါ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပက်ထရီးရော့စနစ် အပါအဝင် ဒုံးကျည်ကာကွယ်ရေးစနစ်ကို အဓိကပေးဖို့ မဟာမိတ်တွေကို မေတ္တာရပ်ခံထားပါတယ်။ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့အထဲမှာ ဓာတ်အားပေးစက်ရုံတွေအပြင် ဥရောပသမဂ္ဂကို ဓာတ်ငွေ့ပို့ဖို့အတွက် အရေးပါတဲ့ ဓာတ်ငွေ့ကြားခံပို့လွှတ်မှုစက်ရုံတွေပါ ပါဝင်တယ်လို့ သမ္မတက ဆိုပါတယ်။
ရုရှားဟာ လက်ရှိအချိန်အထိ ဥရောပသမဂ္ဂကို ယူကရိန်းကတဆင့် ဓာတ်ငွေ့ပို့နေဆဲ ဖြစ်ပါတယ်။ ရုရှားကုမ္ပဏီ ဂတ်ဇ်ပရွန်နဲ့ သဘောတူညီချက်ဟာ အခုနှစ် ဒီဇင်ဘာလမှာ ကုန်ဆုံးမှာဖြစ်ပြီး ယူကရိန်းဘက်က သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
ပစ်လွှတ်လိုက်တဲ့ ဒုံဂကျည် ၃၄ စင်းမှာ ၂၁ စင်းကိုပဲ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပြီး ထိရောက်မှု ဘယ်လောက်ဆိုတာ ရုရှားဘက်က ခန့်မှန်းလို့မရအောင် ဘယ်နေရာတွေ ထိတယ်ဆိုတာတော့ မထုတ်ပြန်ဘူးလို့ ယူကရိန်းက ကြေညာပါတယ်။
Source/Photo - Reuters