ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဒီနေ့ ဧပြီ ၂၈ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီထဲက အသက် ၆၈ နှစ်အရွယ် ဦးမနားထင်ဟာ ဆေးကုသမှုခံယူရင်း ညနေ ၃ နာရီအချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက် မြို့နယ်ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက “ဒီကနေ့ နေ့လယ်မှာ တိုက်လေယာဉ် ၂ စီးနဲ့ဝဲပြီးတော့ လွန်ဒုံကျေးရွာထဲကို တလုံး၊ ရွာဘေးနားကို ၂ လုံးကြဲသွားပါတယ်။ ခြေတဖက်ပြတ်သူက ဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေကိုတော့ အနီးစပ်ဆုံး ဆရာမတွေရှိတဲ့ရွာကို ဆိုင်ကယ်နဲ့ သယ်သွားခဲ့ပါတယ်။ လွန်ဒုံအနားက တိုက်ပွဲမရှိပါဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လွန်ဒုံကျေးရွာဆေးပေးခန်းနဲ့ လူနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူအမျိုးသမီး ၂ ဦးထဲက အသက် ၄၅ နှစ်အရွယ် ဒေါ်လှူးမနားက လက်တဖြတ်ပျက်သွားသလို အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Photo-ပုံဟောင်း