ပင်လယ်နီထဲက အန်ဒရိုမေဒါ စတား ရေနံတင်သင်္ဘောကို ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေက ဒုံးကျည်တွေနဲ့ ဧပြီ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတွေက အဲဒီနေ့မှာပဲ ပြောပါတယ်။
ဂါဇာစစ်ပွဲမှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းတွေကို ထောက်ပံ့မှုပြတဲ့ အနေနဲ့ ဟူသီတွေက ဒေသတွင်းက စီးပွားရေးဆိုင်ရာ သင်္ဘောတွေကို ဆက်လက် တိုက်ခိုက်နေတာပါ။
သင်္ဘောပျက်စီးခဲ့တာကို ပိုင်ရှင်ဖြစ်သူက အစီရင်ခံထားတယ်လို့ ဗြိတိန် ရေကြောင်းလုံခြုံရေး ကုမ္ပဏီ အမ်ဘရေက ပြောပါတယ်။
ဟူသီ ပြောရေးဆိုခွင့်ရှိသူ ယာယာ စာရီယာ က ပနားမားအလံတင်သင်္ဘောဟာ ဗြိတိသျှပိုင် ဖြစ်ပေမယ့် မကြာသေးမီက ရောင်းထားပြီးသားလို့ လန်ဒန် စတော့အိတ်ချိန်းအုပ်စု (LSEG) နဲ့ အမ်ဘရေတို့ရဲ့ သတင်းအချက်အလက်တွေက ဆိုထားပါတယ်။
လက်ရှိ ပိုင်ရှင်ဟာ ဆေချီးလီးစ်ကျွန်းမှာ မှတ်ပုံတင်ထားတာပါ။ ရေနံတင်သင်္ဘောဟာ ရုရှားနဲ့ ဆက်နွှယ်နေတဲ့ ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်နေပါတယ်။
ဒီသင်္ဘောဟာ ရုရှားနိုင်ငံ၊ ပရီမော့စ်ခ်ခရိုင်ကနေ အိန္ဒိယနိုင်ငံ ဗာဒီနာမြို့ဆီ လာတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တယ်လို့ အမ်ဘရေက ပြောပါတယ်။ အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီစစ်သွေးကြွတွေဟာ နိုဝင်ဘာလကတည်းက ပင်လယ်နီ၊ ဘတ်ဘ် အယ်လ် မန်ဒက်ဘ် ရေလက်ကြားနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးပါပြီ။
သင်္ဘောသားတွေဟာ အာဖရိကတောင်ပိုင်းတဝိုက်မှာ ရှည်လျားပြီး ပိုဈေးကြီးတဲ့ ခရီးစဉ်တွေဆီကို ပြန်လမ်းကြောင်းပြောင်းခိုင်းခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲက အရှေ့အလယ်ပိုင်းကို ပျံ့နှံ့ပြီး မတည်မငြိမ် ဖြစ်စေမှာကိုလည်း စိုးရိမ်နေကြပါတယ်။
အန်ဒရိုမေဒါ စတား သင်္ဘောကို တိုက်ခိုက်မှုဟာ အစ္စရေး၊ အမေရိကန်၊ ဗြိတိန်တို့နဲ့ အဆက်အသွယ်ရှိတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတဲ့ ဟူသီတွေရဲ့ စစ်ဆင်ရေးကို ခဏရပ်နားပြီးတဲ့နောက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ယီမင်လေပိုင်နက်အတွင်း အမေရိကန် MQ-9 ဒရုန်းတစ်စီး ပစ်ချခံရတာကို ပြထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဟူသီတွေက ဧပြီလ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo - REUTERS/ABDULJABBAR ZEYAD)