Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေးက နိုင်ငံတကာဥပဒေချိုးဖောက်ကြောင်း အမေရိကန် သုံးသပ်
DVB
·
April 28, 2024
Palestinians inspect the site of an Israeli strike on a house, in Rafah

အမေရိကန်က ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့အညီ သုံးစွဲတယ်ဆိုတဲ့ ခိုင်လုံတဲ့ သို့မဟုတ် ယုံကြည်ရလောက်တဲ့ အစ္စရေးရဲ့ အာမခံချက်မျိုး မတွေ့ရဘူးလို့ ရိုက်တာသတင်းဌာနက ရရှိထားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတွင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။ 

အမေရိကန် အကြီးတန်းတာဝန်ရှိသူအချို့က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို တင်ပြတဲ့စာမှာ အဲဒီလို သုံးသပ်ထားတာ ဖြစ်ပါတယ်။ 

တချို့တာဝန်ရှိသူတွေကျတော့လည်း အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံထားပါတယ်။

အစ္စရေးက အမေရိကန် လက်နက်တွေကိုသုံးစွဲမှုဟာ အမေရိကန် ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာမရောက်ကြောင်း ခိုင်လုံတဲ့အထောက်အထား တွေ့၊ မတွေ့  မေလ ၈ ရက်မှာ ဝန်ကြီးဘလင်ကန်က လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ 

ဒီလို တင်ပြနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ဌာန ၇ ခုထက်မနည်းဟာ လေ့လာဆန်းစစ်မှုတွေလုပ်ပြီး ဝန်ကြီးဆီကို အချက်အလက်တွေ တင်ပြထားပါတယ်။ 

အဲဒီထဲမှာ  တချို့ဌာနတွေက အစ္စရေးရဲ့ အာမခံချက်ကို လက်ခံပေမဲ့ တချို့က လက်မခံသလို တချို့က ဘယ်ဘက်မှ မလိုက်တာမျိုးရှိတယ်လို့ ရိုက်တာက ရရှိထားတဲ့ စာရွက်စာတမ်းတွေကို ကိုးကား ဖော်ပြပါတယ်။ 

အဲဒီမှာ ဌာန ၄ ခုက ပူးတွဲတင်ပြတဲ့မှတ်တမ်းမှာ အစ္စရေးဟာ လူသားချင်းစာနာမှုဥပဒေကို မလိုက်နာဘဲ လုပ်ဆောင်နေတယ်လို့ အထူးပူပန်စရာရှိတယ်လို့ သုံးသပ်ထားပါတယ်။   

အကာအကွယ်ပေးထားတဲ့ နေရာတွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို ထပ်တလဲလဲ တိုက်ခိုက်တာ၊ စစ်ရေးအသာစီးရဖို့ အရပ်သား ထိခိုက်မှုပမာဏ လွန်ကဲလွန်းတာ၊ အရပ်သား ထိခိုက်မှု အထူးများပြားတဲ့အပေါ် တာဝန်ယူရမယ့် ပုဂ္ဂိုလ်တွေကို အရေးယူတာ၊ စုံစမ်းစစ်ဆေးတာ အင်မတန်နည်းပါးတာ၊ လူသားချင်းစာနာမှု လုပ်သားတွေနဲ့ ဂျာနယ်လစ်တွေကို မကြုံစဖူးနှုန်းနဲ့ သတ်ဖြတ်တာ စတဲ့အချက်တွေ ထောက်ပြထားပါတယ်။ 

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဗျူရို၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းရေးရာ ဗျူရို၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု တရားမျှတရေးဗျူရို၊ နိုင်ငံတကာအဖွဲ့အစည်းရေးရာ ဗျူရို တို့ရဲ့ ပူးတွဲတင်ပြချက်မှာတော့ အစ္စရေးရဲ့ လူသားချင်းစာနာမှုဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကိုပါ ထောက်ပြထားပါတယ်။

Source/Photo - REUTERS/Mohammed Salem

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013