Home
နိုင်ငံတကာ
အိုလံပစ်မီးတောက်ကို ဂရိမှ ပြင်သစ်သို့ သမိုင်းဝင် ရွက်သင်္ဘောဖြင့် သယ်ဆောင်
DVB
·
April 28, 2024
The Olympic flame departs Greece on the sailing ship Belem for the 2024 Paris Games

၂၀၂၄ ပါရီအိုလံပစ် ဖွင့်ပွဲအခမ်းအနားမှာ ထွန်းညှိမယ့် မီးတောက်ကို ဂရိနိုင်ငံကနေ ပြင်သစ် ရွက် ၃ ရွက်တပ်သင်္ဘောကြီးနဲ့ ဧပြီ ၂၇ ရက်မှာ သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။ 

ပုံမှန်ဆိုရင် မီးရှူးတိုင်နဲ့ သယ်ဆောင်တာဖြစ်ပေမဲ့ အခု သင်္ဘောနဲ့ သယ်ဆောင်တဲ့ လမ်းကြောင်းမှာတော့ မီးအိမ်ထဲထည့်ပြီး သယ်ဆောင်သွားတာ ဖြစ်ပါတယ်။

ပထမဆုံး ခေတ်သစ်အိုလံပစ်အားကစားပွဲ စတင်ကျင်းပခဲ့တဲ့ ၁၈၉၆ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ “ဘယ်လမ်” အမည်ရ သမိုင်းဝင်သင်္ဘောကြီးနဲ့ သယ်ဆောင်တာ ဖြစ်ပါတယ်။ 

၁၁ ရက်ကြာ ခရီးစဉ်ကို ပရေးယပ်စ်ဆိပ်ကမ်းနေ ထွက်ခွာသွားခဲ့ပြီး ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ကို မေ ၈ ရက်မှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

ဘီစီ ၆၀၀ လောက်က ဂရိနိုင်ငံက ရွှေ့ပြောင်းအခြေချသူတွေ တည်ထောင်ခဲ့တဲ့ မာဆေးမြို့မှာ ဆိုက်ကပ်မှုဟာလည်း နှစ်နိုင်ငံ ဆက်နွှယ်မှုသမိုင်းကြောင်းကို ဖော်ပြမှုတရပ် ဖြစ်ပါတယ်။ 

ပထမဆုံး ခေတ်သစ်အိုလံပစ် အားကစားပွဲ ကျင်းပခဲ့ရာ အေသင်မြို့က ပန်နာသန်းနစ် ကစားကွင်းမှာ ဧပြီ ၂၆ ရက်က ပါရီပွဲ ကျင်းပရေးစီစဉ်သူတွေက အိုလံပစ် မီးတောက်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

နေမင်းရဲ့ အလင်းရောင်ကို မှန်ဘီလူးခုံးနဲ့ ညှိပြီး ထွန်းညှိထားတဲ့ အိုလံပစ်မီးတောက်ကို ဂရိနိုင်ငံမှာ ၁၁ ရက်ကြာ မီးရှူးတိုင်တွေနဲ့ လက်ဆင့်ကမ်းလှည့်ခဲ့ပြီး ဖြစ်ပါတယ်။ မာဆေးမြို့ကို ရောက်ရင် ပရိသတ် တသိန်းခွဲလောက်က ကြိုဆိုကြမယ်လို့ ခန့်မှန်းထားပါတယ်။ 

ပြင်သစ်နိုင်ငံတဝန်းမှာ ၆၈ ရက်ကြာ မီးရှူးတိုင်နဲ့ လက်ဆင့်ကမ်း လှည့်လည်ကြဦးမှာဖြစ်ပြီး ဇူလိုင် ၂၆ ရက် အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ ထွန်းညှိမှာဖြစ်ပါတယ်။ 

Source/Photo - REUTERS/Louisa Gouliamaki

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013