စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်း စစ်ကြောင်းထိုးတာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကို ဖောဖောသီသီ ပြုလုပ်နေနိုင်တာတွေဟာ ကပစ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကြောင့် ဖြစ်တယ်လို့ CDM အရာရှိတွေက ထောက်ပြကြပါတယ်။
မြေပြင်မှာ စစ်ရှုံးနေပေမဲ့ လေကြောင်းဗုံးကြဲမပျက်တဲ့ စစ်ကောင်စီတပ်ကို ကပစ စက်ရုံ ၂၅ ခုနဲ့ အကြီးစားစက်ရုံ (တကစ) ၄ ခုထက်မနည်းတို့က လက်နက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
ကပစ စက်ရုံ ၂၅ ခုဟာ မကွေးတိုင်းထဲမှာ ၁၅ ရုံနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ၇ ရုံ၊ နေပြည်တော် (တပ်ကုန်း) မှာ ၂ ရုံနဲ့ ရန်ကုန် (တိုက်ကြီး) မှာ ၁ ရုံ ရှိပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က “၂၅ ရုံ ရှိတယ်ပေါ့။ လက်ရှိလည်ပတ်နေတာကတော့ စက်ရုံ ၂၀ လောက်ရှိတယ်။ အဲဒီမှာအပြင် ကျနော်တို့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့ ပစ္စည်းထိန်းတပ် (ကထပ) ရယ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်း (ကထက) ရယ်ရှိတယ်။ အဲထဲမှာ အရေးပါတာကပေါ့နော်၊ ယေဘုယျအားဖြင့်ဆိုရင် ဧရာဝတီမြစ်ရိုးတလျှောက် ပုသိမ်-မုံရွာလမ်းကို ဗဟိုပြုပြီးတော့ အနောက်ဘက်ခြမ်းမှာပဲ ရှိကြတာ များတယ်။ ကပစ ၁ တို့ ၄ တို့ဆိုတာက အခုခါမှ နေပြည်တော်ဘက်ကို ရွှေ့သွားတာပေါ့နော်” လို့ ပြောပါတယ်။
ကပစ စက်ရုံတွေဟာ တခုနဲ့တခု ဆက်စပ်နေပြီး စစ်လက်နက်ခဲယမ်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ သံထည်နဲ့ အလူမီနီယံ ကုန်ကြမ်းတွေကို ကပစ ၆ (ညောင်ခြေထောက်) နဲ့ ကပစ ၂၄ ပေါက် တို့က အဓိက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဗုံးသီးတွေမှာ အသုံးပြုတဲ့ ယမ်းတွေကိုတော့ ကပစ ၅ (ဥသျှစ်ပင်) နဲ့ ကပစ ၁၃ ဆင်ပေါင်ဝဲတို့က အဓိကထုတ်လုပ်ပေးပြီး ကပစ ၁၆ (ဥသျှစ်ပင်) ကနေလည်း အက်စစ်နဲ့ ယမ်းအနည်းငယ်ကို ထုတ်လုပ်ပေးနေပါတယ်။
လက်နက်ငယ်တွေကို ကပစ ၁ တပ်ကုန်း၊ ကပစ ၁၁ တိုက်ကြီးနဲ့ ကပစ ၂၂ ဆိတ်ဖြူတို့က အဓိက ထုတ်လုပ်ပြီး ၅.၅၊ ၅.၅၆၊ ၇.၆၂ နဲ့ ၉ မမ ကျည်ဆန်တွေကိုတော့ ကပစ ၉ က အဓိကထုတ်လုပ်ကာ ကပစ ၂ ကနေလည်း ရရှိပါတယ်။
အမြောက်နဲ့ လက်နက်ကြီးအစိတ်အပိုင်းတွေကို ကပစ ၈ ဆင်ပေါင်ဝဲ၊ ကပစ ၇ ပြည်မြို့က လက်ပစ်ဗုံးတွေ၊ ကပစ ၁၀ (အထက်မင်းလှ) က MLRS အတွဲလိုက်ပစ် ယာဉ်တင်ဒုံးတွေ၊ ကပစ ၁၂ (သရက်) နဲ့ ကပစ ၁၅ (အောင်လံ) မှာ 60 mm, 81 mm, 120 mm မော်တာဗုံးသီးတွေ၊ ကပစ ၂၀ (စေတုတ္တရာ) မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက် anti Aircraft Canon 25/30 mm စက်အမြောက်တွေ ထုတ်လုပ်ပါတယ်။
Blood Money Campaign ရဲ့ စာရင်းအရ ၄ နှစ်နီးပါးအတွင်း အရပ်သား ၃,၅၀၀ နီးပါးကို သေကျေစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ လေယာဉ်ဗုံးတွေကိုတော့ ကပစ ၃ (ဆင်တဲ) နဲ့ ကပစ ၂၁ ဆိတ်ဖြူ တို့က ထုတ်လုပ်ကြောင်း မင်္ဂလာဒုံလေတပ်စခန်းကနေ CDM လုပ်လာတဲ့ တပ်ကြပ်ကြီးဇေယျက DVB ကို ပြောပြပါတယ်။
“ကျနော် ထင်တယ်၊ ၉၅ ရာခိုင်နှုန်းနဲ့ ၉၈ ရာခိုင်နှုန်းလောက်အထိကို ကပစထုတ် ဗုံးနဲ့ပဲသုံးတာ။ နိုင်ငံခြားဖြစ်ဗုံးက သူတို့မရှိဘူး မဟုတ်ဘူး၊ ရှိနိုင်တယ်ပေါ့နော်။ ရှိလို့ သုံးမယ်ဆိုရင်တောင် ဥပမာဗျာ အရမ်းအရေးကြီးတဲ့ပစ်မှတ်တွေ၊ သူတို့ တိတိကျကျရထားတဲ့ အခြေအနေမျိုးတွေမှာလောက်ပဲ သုံးနိုင်ခြေရှိတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော် သိရသလောက်တော့ လုံးဝ သုံးတာမတွေ့ဘူးပေါ့နော်။ မြန်မာထုတ်ဗုံးတွေပဲ DI ထုတ်ဗုံးတွေပဲ သုံးတာကို သိရပါတယ်။”
လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့ကို တရုတ်နဲ့ ရုရှားလို မူရင်းနိုင်ငံတွေက ကူညီပေးနေပြီး အနောက်နိုင်ငံထုတ် လေယာဉ်တွေအတွက် အပိုပစ္စည်းတွေကိုလည်း အခုချိန်အထိ စစ်တပ်က အလွယ်တကူ ရရှိနေကြောင်း သူကဆက်ပြောပါတယ်။
ကပစ စက်ရုံတွေအတွက် ဆိုရင်လည်း ပြည်တွင်းက ကုန်ကြမ်းတွေကို စစ်တပ်က အားထားပေမဲ့ တချို့ကုန်ကြမ်းတွေကိုတော့ ပြည်ပကနေ အခုချိန်ထိ တင်သွင်းလို့ရနေတုန်းလို့ ကပစ စက်ရုံတခုမှာ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးတဲ့ CDM ဗိုလ်ကြီးတေဇက DVB ကို ပြောပါတယ်။
ဖွဲ့စည်းပုံအနေနဲ့ဆိုရင် စစ်လက်နက်၊ ခဲယမ်းထုတ်လုပ်တဲ့စက်ရုံတွေကို နိုင်ငံခြား နည်းပညာရှင်တွေရဲ့ အကူအညီနဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်းတွေက ဦးစီးကာ ကပစ စစ်သည်တွေနဲ့ နီးစပ်ရာကျေးရွာတွေမှာ နေတဲ့သူတွေကို ဝန်ထမ်းအဖြစ် ခန့်အပ်ပြီး လည်ပတ်နေကြောင်း ဆိုပါတယ်။
စက်ရုံတခုစီတိုင်းဟာ ဧက ထောင်နဲ့ချီ ကျယ်ဝန်းပြီး လည်ပတ်နေတဲ့ စက်ရုံတရုံမှာ အနည်းဆုံး စုစုပေါင်း အင်အား ၅၀၀၊ ၆၀၀ ကနေ ထောင်ဂဏန်းတွေအထိ အသုံးပြုထားကာ လုံခြုံရေးလည်း တင်းကျပ်ထားကြောင်း သိရပါတယ်။
CDM ဗိုလ်ကြီးတေဇက “စက်ရုံတခုကို အရပ် ၈ မျက်နှာလောက် ခွဲပြီးတော့ စက်ရုံဧရိယာကနေပြီး ၃ မိုင်လောက်ဝေးတဲ့ နေရာတွေမှာ ကင်းစခန်းလေးတွေ ချထားတယ်။ ကာကင်းသဘောပေါ့နော်။ အပြင်စည်းပေါ့နော်။ သူတို့ကို အခုလက်ရှိ အနေအထားမှာ သေနတ်ရော ကျည်ရော ပေးထားတဲ့ အနေအထား ရှိတယ်။ ပြီးရင် စက်ရုံထဲမှာတော့ ဗဟိုကင်းမှာ လုံခြုံရေးရှိမယ်။ စက်ရုံအဝင်ဂိတ်မှာ လုံခြုံရေးရှိမယ်။ အမြဲတမ်း လုံခြုံရေး ၂၄ နာရီ ရှိတယ်ပေါ့။ တကယ် စစ်ပွဲဖြစ်လာရင် တိုက်မယ့်ခိုက်မယ့် အနေအထားမရှိဘူး။ အကုန်ပြေးမယ့် အနေအထား ရှိတယ်” လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် HRW အဖွဲ့ရဲ့ အကြီးတန်းသုတေသီဟောင်းဖြစ်တဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေးဗစ်မက်သီဆင်ကလည်း နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူမှုအမျိုးမျိုး ရှိပေမဲ့ လက်နက်ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့ ပိတ်ဆို့အရေးယူမှုမျိုးကပဲ ထိရောက်တဲ့ အရေးယူမှု ဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒါပေမဲ့ ဒီလိုအရေးယူမှုမျိုးကို များများစားစား မတွေ့ရသေးသလို လေယာဉ်ဆီ တင်သွင်းမှုကိုလည်း ပစ်မှတ်ထားဖို့လိုတယ်လို့ သူကဆိုပါတယ်။
“စစ်တပ်အနေနဲ့ ရန်ကုန်မြစ်ကနေတဆင့် မကွေးနဲ့ ကပစ စက်ရုံတွေ၊ မိတ္ထီလာနဲ့ တောင်ငူက လေတပ်စခန်းတွေကို ချိတ်ဆက်ထားတဲ့ ဆိပ်ကမ်းနဲ့ ကုန်းကြောင်း ရေကြောင်းလမ်းတွေကို ထိန်းချုပ်ထားနိုင်သရွေ့ အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရုံနဲ့ စစ်ကိုတော့ မနိုင်နိုင်ပါဘူး။ ဒါပေမဲ့ အာဏာကိုတော့ အချိန်အတော်ကြာ ထိန်းချုပ်ထားနိုင်ပါလိမ့်မယ်။”
မြန်မာနိုင်ငံမှာ အဘက်ဘက်က ချို့ယွင်းဆုတ်ယုတ်နေပေမဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာတော့ ရေနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်မှုမရှိအောင် စီစဉ်ထားပြီး စဉ်ဆက်မပြတ် လည်ပတ်နေပါတယ်။
ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြို့ပြ UG တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီအတွက် ခဲယမ်းလက်နက် အဓိက အသက်သွေးကြောဖြစ်တဲ့ ကပစ တပ်တွေရဲ့ စစ်ရေးအရေးပါမှုကို အလေးအနက်ထားသင့်တယ်လို့ CDM အရာရှိတွေက ထောက်ပြနေကြပါတယ်။
စိုးသူအောင်