Home
မြန်မာသတင်း
ထိုင်းကလုံခြုံရေးတိုးမြှင့်ချိန် တရားမဝင်လာသည့် မြန်မာနိုင်ငံသားများ ဆက်တိုက် ဖမ်းဆီးခံရ
DVB
·
February 8, 2025

အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးကြောင့် ထိုင်း - မြန်မာ နယ်စပ်တလျှောက် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်တင်းကျပ်နေချိန်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံကနေ လုပ်သားတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။ 

တရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ပိုက်စိပ်တိုက်ရှာဖွေရာမှာ ဖေဖော်ဝါရီ ၆ ရက်က  ပြောင်းဆန်တင်ကားနဲ့ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈ ယောက် တာ့ခ်ခရိုင် ထိုင်းစစ်ဆေးရေးဂိတ်တခုမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းခံရတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်မှာ အလုပ်သွားလုပ်ဖို့ မဲဆောက်မြို့ကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။

AAC အဖွဲ့မှ အလုပ်သမားအရေးကူညီလုပ်ဆောင်သူ ကိုရဲမင်းက “ထိုင်းဘက်မှာ အခု လက်ရှိ အခြေအနေက အရမ်းကို ခက်ခဲနေတာလေ။ ကျားဖြန့် ပြဿနာတွေ၊ တရုတ်တွေ ပြဿနာတွေနဲ့ ပတ်သက်ပြီး ထိုင်းထဲမှာ နယ်စပ်မှာ စစ်ဆေးရေးတွေ တောက်လျှောက် တင်းကျပ်နေတာ။ ထိုင်းစစ်တပ်တွေ တောက်လျှောက် ကင်းလှည့်နေတဲ့ အခြေအနေမျိုးမှာ တရားမဝင် လမ်းကနေ ခေါ်လာရင် ဖမ်းဆီးခံရမယ်ဆိုတာ သေချာပေါက် သိနေတာကို လူကယ်ရီ ပို့တဲ့ ပွဲစားတွေက ငွေမျက်နှာ တခုတည်းကြည့်ပြီး ဒီလမ်းကြောင်းတွေကနေ ခေါ်သွင်းနေတာ တော်တော်လေး အဆင်မပြေဘူး။ ဒုက္ခရောက်နေသူတွေကို ပိုပြီး နစ်နာကျတယ်။ ဒီလိုအချိန်မျိုးမှာ မလွတ်တမ်း ထိုင်းဘက်က ပိုက်စိပ်တိုက် ဖမ်းနေတယ်”လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညပိုင်းကလည်း ပြောင်းဆန်တင်လာတဲ့ ကုန်တင်ကားပေါ်မှာ ပုန်းအောင်းပြီး လိုက်လာတဲ့  မြန်မာနိုင်ငံသား ၂၆ ယောက်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် လာရောက်သူတွေဟာ အခုလို လာရောက်ဖို့ ပွဲစားခ တယောက်ကို ဘတ်ငွေ ၈၀၀၀ ဝန်းကျင်ကနေ ၁၅၀၀၀၊ ၁၈၀၀၀ လောက်အထိ ပေးဆောင်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေကြောင့် လူငယ်တွေ ရရာနည်းလမ်းတွေနဲ့ ပြည်ပ အိမ်နီးချင်း နိုင်ငံတွေဆီကို အလုံးအရင်းနဲ့ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။

Labour Rights Foundation အဖွဲ့မှ ဦးအောင်ကျော်က “ပြည်တွင်းမှာ နေရတာ လုံးဝ မလုံခြုံတဲ့အတွက်ကြောင့် မိမိရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ဖြစ်တဲ့နည်းလမ်းနဲ့ ဝင်ရောက်နေတယ်ဆိုတာ သိရတယ်။ သို့သော် ဒါကို ထိုင်းအစိုးရက သိသော်လည်း လူသားချင်းစာနာ ထောက်ထားတဲ့အနေထားနဲ့ ကူညီပေးတာမျိုး မလုပ်ဘဲ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု မှန်သမျှ ပိုက်စိပ်တိုက် ရှာဖွေ စစ်ဆေးမယ်ဆိုပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်ဆိုတာ ကြားသိရတော့ အင်မတန် ရင်လေးစရာပဲ”လို့ ပြောပါတယ်။

၂၀၂၅ နှစ်စပိုင်းကစလို့ ဇန်နဝါရီလတလုံး ထိုင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ မြန်မာအရေအတွက်ထောင်နဲ့ချီရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေး ကျဆင်းတာနဲ့ စစ်မှုထမ်း ဥပဒေကြောင့် အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာတွေကြောင့် မြန်မာနိုင်ငံကနေ လူငယ်တွေ အလုံးအရင်း ရရာ နည်းလမ်းတွေနဲ့ ပြည်ပကို ထွက်ခွာလာကြတာပါ။

အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ်အထိ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာတဲ့ မြန်မာ အရေအတွက် ၃ ဒသမ ၇ သန်း ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013