Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ တရားဝင်နေထိုင်ခွင့်ရရေး ကိုရီးယားလွှတ်တော်သို့ တင်ပြရန် ကြိုးပမ်း 
DVB
·
February 5, 2025
Photo : NUG Representative Office - Republic of Korea

တောင်ကိုရီးယားရောက် မြန်မာတွေအနေနဲ့ တရားဝင်နေထိုင်ခွင့်နဲ့ ဗီဇာကိစ္စတွေကို ကိုရီးယားလွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့အတွက် ကိုရီးယားရောက် မြန်မာအရေးလှုပ်ရှားသူတွေက ကိုရီးယားအမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာတွေအနေနဲ့ တရားဝင်နေထိုင်ခွင့်ရဖို့ ကိစ္စတွေကို ကိုရီးယားဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်တွေနဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်၊ ရုံးတာ၀န်ခံတွေ၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ ပေါင်းချုပ် MFDMC ရဲ့ ဥက္ကဋ္ဌနဲ့ တာဝန်ခံတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

“ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက်” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး ကိုရီးယားရောက် မြန်မာတွေရဲ့ တရားဝင်နေထိုင်ခွင့်နဲ့ အကျပ်အတည်းတွေကို အဓိက ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ MFDMC အတွင်းရေးမှူး သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ကိုကျော်ဆန်းက ပြောပါတယ်။

“G1- 99 ဗီဇာတွေ သက်တမ်းတိုးတဲ့အခါ အခက်အခဲ နောက်တခုက ပတ်စပို့သက်တမ်းတိုးဖို့ အခက်အခဲတွေ ဖြစ်တဲ့အခါမှာ ဗီဇာသက်တမ်းတိုးရတဲ့ အခက်အခဲ မဖြစ်စေရေး ကူညီဆောင်ရွက်ပေးဖို့ နည်းလည်းရှာဖွေပေးဖို့ တင်ပြဆွေးနွေးခဲ့တာရှိတယ်၊ နောက်တခုက over stay အလုပ်သမားတွေဆို တရားဝင်အလုပ်လုပ်ခွင့်ရဖို့၊ မြန်မာပြည်လည်း ပြန်ခွင့်မရတဲ့ အခြေအနေဖြစ်တော့ ဒါတွေကို ကူညီဆောင်ရွက်ပြီး နည်းလမ်းရှာဖွေပေးဖို့ကို လွှတ်တော်မှာ ဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ဆွေးနွေးပေးဖို့တွေ အကြံပြုခဲ့တာရှိတယ်။ နောက်တခုက အတင်းအကျပ် နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ပေါ့၊ ဒီမှာ တရားဝင်နေထိုင်တာဖြစ်စေ over stay ဖြစ်စေ G1-99 ဖြစ်စေ လုံးဝနေရပ်ပြန်မပို့ပါနဲ့၊ အတင်းအကျပ် နိုင်ငံထဲက နှင်မထုတ်ပါနဲ့လို့ ကျနော်တို့ တောင်းဆိုခဲ့တာ ရှိပါတယ်။”

ပွဲကိုတက်ရောက်လာတဲ့ ဝါရင့်လွှတ်တော်အမတ် အီယုန်ဆွန်းက မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာ အမတ်တွေက ဆွေးနွေးမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ကိုရီးယားလွှတ်တော်မှာသာ ဗီဇာကိစ္စ ဆွေးနွေးခွင့်ရမယ်ဆို တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ စစ်အာဏာရှင် တော်လှန်ရေး လုပ်ဆောင်နေကြတဲ့ မြန်မာတွေအနေနဲ့ အဆင်ပြေလာမှာပဲ ဖြစ်ပါတယ်။

ကိုရီးယားရောက် မြန်မာအမျိုးသမီးတယောက်က “မြန်မာတယောက်အနေနဲ့ကတော့ ကိုရီးယားလွှတ်တော်မှာ တရားဝင်ဆွေးနွေးနိုင်ရင်တော့ အတိုင်းထက်အလွန် ပျော်မှာပါ၊ ကျမကိုယ်တိုင်လည်း ဗီဇာကိစ္စ ကိုရီးယားမှာ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့နေရတဲ့သူဆိုတော့ လွှတ်တော်မှာပါ ကိုရီးယားဗီဇာကိစ္စ ဆွေးနွေးလို့ အဆင်ပြေသွားရင် ကျမလို့ အဆင်မပြေတဲ့သူတွေလည်း နောက်ပိုင်းမှာ အဆင်ပြေလာဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကနေတဆင့် ကိုရီးယားလွှတ်တော်ထဲမှာ တရားဝင် တင်ပြဆွေးနွေးသွားမယ်လို့ ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူ ကိုကျော်ဆန်းက ပြောပါတယ်။

“အဓိက စီစဉ်တာကတော့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေဖြစ်တယ်။ ကျနော်တို့ မြန်မာပြည်တွင်းရေး အခြေအနေ ဆွေးနွေးတာတွေကို သူတို့ နားထောင်ချင်တယ်၊ ကြားချင်တယ်။ နောက် မြန်မာ့အရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ တက္ကသိုလ် ပါမောက္ခတွေ၊ နိုင်ငံရေးနယ်ပယ်က ပညာရှင်တွေ ဆွေးနွေးသုံးသပ်တာတွေကို သူတို့ နား‌ထောင်ချင်တယ်။ ကျနော်တို့ရဲ့ သတင်းစကားတွေကို သူတို့နားထောင်သွားပြီးမှ လွှတ်တော်မှာ မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ဖော်ဆောင်တာ ကူညီတာ လုပ်ဆောင်မှာဖြစ်ပါတယ်။”

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပြီး  ပြည်တွင်းပြန်ဖို့ အခက်အခဲရှိသူ မြန်မာနိုင်ငံသားတွေကိုပေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ နေထိုင်ခွင့်ဗီဇာ G-1 99 ဗီဇာ ကိုင်ဆောင်ထားသူ ၆,၀၀၀ ကျော်ရှိကြောင်း ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013