Home
ရုပ်သံ
တရုတ်-မြန်မာ နယ်စပ်ဂိတ်ပြန်ဖွင့်သော်လည်း  မြန်မာနိုင်ငံသားများ ဝင်ထွက်ခွင့်မရ 
DVB
·
January 27, 2025
Photo: Local

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်ပေမဲ့ တရုတ်နိုင်ငံသားတွေပဲ ဝင်ထွက်လို့ရပြီး မြန်မာနိုင်ငံသားတွေ ဝင်ထွက်လို့ မရသေးဘူးလို့  နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ 

နယ်စပ် ဒေသခံ အမျိုးသမီး တယောက်က “ကြူကုတ်(ပန်ဆိုင်း)- ဝမ်တိန်ဂိတ် ဖွင့်တော့ ဖွင့်ထားတယ်။ မြန်မာနိုင်ငံသားတွေ ထွက်လို့မရဘူး။ တရုတ်နိုင်ငံသားတွေပဲ ရတယ်” လို့ ပြောပါတယ်။ 

ဝမ်တိန်ဂိတ်ကနေ အခုလောလောဆယ်ပစ္စည်းတွေ နည်းနည်းပါးပါး သယ်ဖြတ်လို့ရတာကြောင့် တရုတ်နိုင်ငံသားတွေက ပစ္စည်းနည်းနည်းပါးပါး၊ စားဆီ တယောက် ၂ ဘူးလောက် သယ်ပြီး မြန်မာဘက်ခြမ်း ပို့နေကြတယ်လို့ သိရပါတယ်။

နောက်ထပ် ဒေသခံတယောက်က “ပန်ဆိုင်းဘက်မှာတော့ တရုတ်နိုင်ငံသားတွေ အဝင် အထွက်ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဝင်ထွက်ဖို့ ဒီ မြန်မာ လဝက မရှိဘူးလေနော်။ မြန်မာ လဝက မရှိလို့ အဝင်အထွက်လုပ်လို့ မရဘူး" လို့ ပြောပါတယ်။ 

တရုတ် နိုင်ငံဘက်ကနေ စားသောက်ကုန်၊ မုန့်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ မြန်မာနိုင်ငံ ဘက်ထဲကို သယ်လာလို့ ရပေမဲ့ မြန်မာနိုင်ငံဘက်ခြမ်းကနေ တရုတ်ဘက်ကို ဘာမှ သယ်ဝင်လို့ မရသေးပါဘူး။

မူဆယ် ကျင်စန်းကျော့-မန့်မန်း ဂိတ်ကနေလည်း တရုတ်ဘက်က လိုအပ်တဲ့ ကြံ၊ မီးသွေး၊ ပြောင်းစတဲ့ ကုန်စည်တချို့ တင်ပို့လို့ ရနေပေမဲ့ လောလောဆယ် တရုတ်ဘက်က ဘာကုန် ပစ္စည်းမှ တင်သွင်းလို့ မရသေးဘူးလို့  နယ်စပ် ပို့ကုန်၊ သွင်းကုန် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။

ချင်းရွှေဟော် - မိန်းတိန် နယ်စပ်ဂိတ် အပါအဝင် ရန်လုံကျိုင်းဂိတ်ကိုလည်း ဇန်နဝါရီ ၂၀ ရက်မှာ တရုတ်အစိုးရက စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူကြောင်း  ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ပြန်လည် ဖွင့်လှစ်ပေးလိုက်ကြောင်း နယ်စပ်ဒေသခံက  ပြောပါတယ်။ 

“ဇန်နဝါရီ ၂၀ ရက်နေ့ကစ MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် ရန်လုံကျိုင်းဂိတ်ကို တရုတ်ဘက်က ပြန်လည် ဖွင့်လှစ် ပေးလိုက်ပြီ။ ပုံမှန် ကုန်စည် ကူးသန်းခွင့် ပြည်လည် စတင် လိုက်ပါတယ်။”

၂၀၂၄ နိုဝင်ဘာလက တရုတ်ရဲ့ ဖိအားကြောင့် ‘ဝ’ တပ် - UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်၊ ဖောင်ဆိပ်ဂိတ်ကနေ ကိုးကန့်ဒေသဘက်ကို ကုန်ပစ္စည်း သယ်ယူတာတွေ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်က တရုတ်အစိုးရရဲ့ အမိန့် ညွှန်ကြားချက်နဲ့ UWSA ထိန်းချုပ် ဒေသကနေ MNDAA ထိန်းချုပ်ဒေသဘက် ကုန်စည် ပြန်လည်ကူးသန်းခွင့်ပြုလိုက်ကြောင်း UWSA က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် UWSA ထိန်းချုပ်ရာ ‘ဝ’ - တရုတ်နယ်စပ်က နမ့်တစ် (မန်ခါး)ဂိတ်ကိုလည်း ဇန်နဝါရီ ၂၀ ရက် စတင်ပြီး တရုတ်ဘက်က  ပြန်ဖွင့်ပေးထားပါတယ်။ 

မြောက်ပိုင်း မဟာမိတ်ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တရုတ်ဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013