ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)အနေနဲ့ လားရှိုးကနေ ပြန်လည်ဆုတ်ခွာဖို့အတွက် ညွှန်ကြားချက်မရှိသေးဘဲ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ MNDAA သတင်းရင်းမြစ်က ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ အပစ်ရပ်ဖို့ သဘောတူလိုက်တဲ့ MNDAA ဟာ အပစ်ရပ်သဘော တူညီချက်အရ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့သာ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာရတော့မယ်ဆိုတဲ့ သတင်းတွေအပေါ် အဲ့ဒီလို ညွှန်ကြားချက်တွေမရှိသေးဘူးလို့ သိရပါတယ်။
MNDAA သတင်းအရင်းမြစ်တယောက်က “ဗဟိုကနေ ဆုတ်ပါလို့လည်း မပြောသေးဘူး။ ဒီတိုင်းပဲနေပါလို့လည်း မပြောဘူး။ ဘာညွှန်ကြားချက်မှ မရှိသေးဘူး။ မြို့မှာ ပုံမှန်အတိုင်း လည်ပတ်နေတာပဲ”လို့ ပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ဇန်နဝါရီ ၁၈ ရက်က စစ်ကောင်စီနဲ့ MNDAA တို့တွေ့ဆုံပြီး နှစ်ဖက် အပစ်ရပ်တဲ့အကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ဖော်ကြေညာခဲ့ပြီးနောက် MNDAA တပ်တွေအနေနဲ့ လားရှိုးမြို့ကနေဆုတ်ခွာရတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
စစ်ကောင်စီနဲ့ MNDAA တို့ နှစ်ဖက်အပစ်ရပ်ပြီဆိုတာကို တရုတ်နိုင်ငံဘက်က ကြေညာခဲ့ပေမဲ့ သဘောတူညီချက်အသေးစိတ်ကို စစ်ကောင်စီနဲ့ MNDAA ဘက်က ထုတ်ဖော်ပြောဆိုတာ မျိုးမရှိသေးပါဘူး။