
ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တားဆီးနှိမ်းနင်းဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းအစိုးရက မြန်မာနယ်စပ်ကို ပေးနေတဲ့ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာ ဆေးရုံနဲ့ ဒေသခံပြည်သူလူထုတွေကို ထိခိုက်မှုရှိနေပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “မီးဖြတ်တဲ့နေရာမှာ အဓိကတော့ ကိုယ်တို့ မြဝတီပြည်သူ့ဆေးရုံကြီးမှာ လူနာတွေ အမြောက်အမြား ရှိတယ်။ အဲဒါတွေ ထိခိုက်တယ်။ နောက်ပြီးတော့ ဆေးရုံကို အမြဲတမ်း ထောက်ပံ့နေရတဲ့ အောက်စီဂျင်စက်ရုံ လည်ပတ်မှုတွေ ထိခိုက်တယ်။ အဓိကကတော့ အဲဒါတွေ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်တာပေါ့။ ကိုယ်တို့ကတော့ ထိုင်းဘက်က ဒါကလည်း ဆိုလိုရင်းက ပြည်သူမျက်နှာ မကြည့်ဘူးဆိုရင် ဘာပြောရမလဲ၊ ဒီမှာက ရှင်းရှင်းပြောရရင် လောင်စာဆီက ထိုင်းဘက်က ဖြတ်တောက်လိုက်မယ်ဆိုရင် နံပါတ် ၁ ဘယ်သူတွေ အရင်ထိခိုက်မလဲ ဆိုတာကို ကြည့်ရမယ်” လို့ ပြောပါတယ်။
ထိုင်းအစိုးရဘက်က မီးဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ တချိန်တည်းမှာပဲ မြဝတီမြို့က ငွေလိမ်လုပ်ငန်းတချို့ကို လျှပ်စစ်မီး ဖြန့်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးစောတင်ဝင်း ပိုင်ဆိုင်တဲ့ မြစ်ရွှေသောင်ရင်း ကုမ္ပဏီကို ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီလောက်က မီးစတင်ဖြတ်တောက်ခဲ့ပါတယ်။
ထိုင်းလျှပ်စစ်မီးဖြတ်တောက်တာကြောင့် ထိုင်းမီးသုံးနေတဲ့ ပြည်သူတွေ ထိခိုက်တဲ့အပြင် လောင်စာဆီပါ ထပ်မံဖြတ်တောက်မယ်ဆို အားလုံးကို ထိခိုက်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ခံတယောက်က “ထိုင်းမီးသုံးနေတဲ့ ပြည်သူလူထု ထိခိုက်နိုင်တယ်။ ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ် ပြောသလို မီးလည်းဖြတ်မယ်၊ လောင်စာဆီပါ ဖြတ်မယ်ဆိုတော့ ထိခိုက်နိုင်တယ်။ အားလုံးကို ထိခိုက်နိုင်တယ်။ အဓိကကတော့ ထိုင်းဘက်က ဆီတွေကို သုံးနေတာကို။ ဒီမနက်အထိတော့ အမှန်အတိုင်းပြောရင် ကုန်စည်စီးဆင်းမှု မဖြတ်သေးဘူး။ ဆီပေပါ ဆီဘောက်ဆာ ဝင်တာတွေလည်း တွေ့တယ်။ လောလောဆယ် မီးဖြတ်တာက အကျိုးသက်ရောက်မှုမရှိဘူး” လို့ ပြောပါတယ်။
နောက်ထ၌် မြဝတီမြို့ခံတယောက်က “အခု လျှပ်စစ်မီးဖြတ်တောက်တဲ့ပြဿနာက ချက်ချင်းလက်ငင်း အကျိုးပေးနေပြီ။ ပြည်သူတွေလည်း ယိုးဒယားမီးနဲ့ မသက်ဆိုင်ဘူးဆိုပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ အခု ဆီပန့်တွေက ဆီပြတ်ကုန်တဲ့အခါကျတော့ ဆီထည့်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တယ်။ အများကြီးပဲ။ အမတို့အိမ်နားက ဓာတ်ဆီဆိုင်သေးသေးလေးမှာလည်း ကိုယ်လိုမယ့်ဟာကို ပြေးပြီးယူကြတယ်။ ပုံးတွေဆွဲပြီး လူတွေ လာဝယ်ကြတာ အများကြီးပဲ။ ဆီတွေပြတ်သွားတဲ့ပုံစံ ဖြစ်သွားတယ် အခု” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ကျားဖြန့်လုပ်ငန်းကနေ ငွေကြေးလိမ်လည်တာ၊ လူကုန်ကူးတာတွေကို နှိမ်နင်းဖို့ မြန်မာပြည်တွင်းက နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေ ဖြတ်တောက်သွားမယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒ့ါအပြင် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က တုံ့ဆိုင်းမနေဘဲ နယ်စပ်ကို ချက်ချင်း လျှပ်စစ်မီးဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားလိုက်တာကြောင့် ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကစပြီး ကရင်ပြည်နယ်၊ မြဝတီမြို့က ၂ နေရာ၊ ဘုရားသုံးဆူက တနေရာနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က ၂ နေရာ စုစုပေါင်း ၅ နေရာကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း မြဝတီမြို့မှာ ထိုင်းလျှပ်စစ်မီးကို အားကိုးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ လုပ်ပေးသင့် လုပ်ပေးထိုက်တဲ့ အရာတွေကို ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့တဲ့အပြင် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သလို တဆင့်ချင်း အကောင်အထည်ဖော်နေတယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
“အစ်ကိုတို့ ထိန်းချုပ်နယ်မြေထဲမှာ အစ်ကိုတို့ အများကြီး လုပ်ပေးခဲ့တာတွေလည်း ရှိတယ်။ အစစအရာအရာပေါ့။ ခုနကလည်း ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း အစ်ကိုတို့က ပူးပေါင်းဆောင်ရွက်မယ်လို့ တရားဝင် ထုတ်ပြန်ထားပြီးသား။ အစ်ကိုတို့လည်း တဆင့် တဆင့်ချင်း အကောင်အထည်ဖော်နေတာ။ ဒါက အချိန်ယူပြီးလုပ်ရမယ့် အလုပ်တွေ ဖြစ်တယ်လေ။ ဆိုတော့ အခုလက်ရှိ အနေအထားပေါ်မှာ ဖြတ်တောက်မှုတခုကတော့ လွယ်ပါတယ်။ ဒါကတော့ ဖြတ်တာကမခက်ဘူး။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ အစ်ကိုတို့ စိတ်မကောင်းတာက ပြည်သူတွေထိခိုက်တာ အဲဒီတချက်တော့ စိတ်မကောင်းဖြစ်တယ်။”
အခုလို လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ မချိတ်ဆက်သူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်းလည်း ထိုင်းဘက်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီဒေသတွေက တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုမရှိတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ပမာဏ ဘယ်လောက်ထိ ထိခိုက်နိုင်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံဘက်က နေရာ ၅ ခုကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် တနှစ်ကို ဘတ်ငွေသန်း ၆၀၀ ထိ ဆုံးရှုံးနိုင်တဲ့အကြောင်း Thai PBS World သတင်းမှာ ဖော်ပြပါတယ်။
အောင်ခန့်