Home
နိုင်ငံတကာ
ကျားဖြန့်ဂိုဏ်းများ ကြီးစိုးရာ မြန်မာနယ်စပ် ၅ နေရာကို ထိုင်းက လျှပ်စစ်မီး၊ အင်တာနက်ဖြတ်
DVB
·
February 5, 2025

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးရာ မြန်မာနယ်စပ်နေရာ ၅ ခုကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ ဖြတ်တောက်သွားမယ်လို့ ထိုင်းအစိုးရရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  Bangkok Post သတင်းမှာ ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာက ကျားဖြန့်ဂိုဏ်းတွေအနေနဲ့ ထိုင်းနိုင်ငံက ပေးနေတဲ့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ အသုံးပြုမှုကနေ အကျိုးအမြတ်တွေ ရရှိကြောင်း ရှင်းရှင်းလင်းလင်း အထောက်အထားတွေ တွေ့ရှိရပါက ထောက်ပံ့မှုကို ချက်ချင်းဖြတ်တောက်နိုင်ကြောင်း ပြောလိုက်တာပါ။

မြန်မာနိုင်ငံဘက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေက ထိုင်းပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ ပုံရိပ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေပြီး “ကျမတို့ ပြည်သူတွေကို ဂရုစိုက်ရပါမယ်” ​ လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖမ်သမ် ဝီချရာချိုင်းကလည်း ထိုင်းလုံခြုံရေးကို ခြိမ်းခြောက်မှုကြောင့် ရာဇ၀တ်ဂိုဏ်းတွေကို ပြတ်ပြတ်သားသား အရေးယူသင့်တယ်လို့ ပြောပါတယ်။

ဒီဖြတ်တောက်မှုကိုတော့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကနေ စတင်ကာ လုပ်ဆောင်သွားမှာဖြစ်ပြီး  နေရာဒေသတွေကတော့ မဲဆောက်-မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အပါအဝင် မြဝတီနယ်စပ်နေရာ ၂ ခု၊ မယ်ဆိုင်-တာချီလိတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၁ အပါအဝင် တာချီလိတ် နယ်စပ်နေရာ ၂ ခုနဲ့ ဘုရားသုံးဆူဒေသတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုအတွက် မြန်မာနိုင်ငံဘက်က ထိခိုက်နိုင်ခြေရှိတဲ့ ဆေးရုံ ဆေးခန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အသိပေးဖို့ အကြောင်းကြားခဲ့ပြီးဖြစ်ကာ တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုမရှိတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲသူပမာဏ ဘယ်လောက်ထိ ထိခိုက်နိုင်မလဲဆိုတာကိုတော့ ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။

ထိုင်းပြည်တွင်း သတင်းမီဒီယာတွေမှာတော့ ကျားဖြန့်အွန်လိုင်း ရာဇ၀တ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေက ထိုင်းနိုင်ငံအတွက်သာမက နိုင်ငံတကာပြဿနာဖြစ်နေတဲ့အကြောင်း  မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း မစ္စတာဖမ်သမ်ရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ထရာက ဖေဖော်ဝါရီ ၅ ရက်မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံကာ ကျားဖြန့်ငွေလိမ် ရာဇဝတ်ဂိုဏ်းတွေကိစ္စအပါအဝင် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ၄ ရက်ကြာ ဒီခရီးစဉ်မှာတော့ ဝန်ကြီးချုပ်က ထိုင်းနိုင်ငံတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အနုတ်လက္ခဏာ သဘောဆောင်တဲ့ ကောလာဟလတွေကို တားဆီးရာမှာ တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ကြောင်း ပြောကြားသွားမယ်လို့ ဆိုပါတယ်။

Source:  Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013