Home
မြန်မာသတင်း
ဟောင်ကောင်အမျိုးသမီး ၁ ဦး မြဝတီကျားဖြန့်ရာဇဝတ်ဂိုဏ်းမှ ပြန်လွတ်လာ
DVB
·
February 4, 2025
Photo: Handout/SCMP

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတခုကနေ နောက်ထပ် ဟောင်ကောင်ဒေသခံ အမျိုးသမီးတဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ Hong Kong Free Press HKFP သတင်းမှာ ဖေဖော်ဝါရီ ၃ ရက်က ဖော်ပြပါတယ်။

ဒါဟာ ထိုင်းဘုရင့်တပ်မတော်နဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ မြဝတီမြို့ကနေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြန်လည်လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။

ဟောင်ကောင်အစိုးရကလည်း “မြန်မာနိုင်ငံမှာ တရားမဝင်အလုပ်နဲ့ ချုပ်နှောင်ခံထားရတဲ့ ဟောင်ကောင်ဒေသခံတဦးကို ကယ်တင်နိုင်ပြီး ထိုင်းနိုင်ငံဆီ ရောက်ရှိလာခဲ့ပြီဖြစ်တယ်’ လို့ အတည်ပြုထားကာ ဘန်ကောက်ကို စေလွှတ်ထားတဲ့ ဟောင်ကောင်လုံခြုံရေး ဗျူရို သီးသန့်အဖွဲ့တဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေ၊ ကယ်တင်ခံရတဲ့ ဟောင်ကောင်ဒေသခံတို့နဲ့ အဆက်အသွယ်မပြတ် ရှိနေပြီး ဟောင်ကောင်ကို တတ်နိုင်သမျှ အမြန်ပြန်နိုင်စေဖို့ စီစဉ် ဆောင်ရွက်နေတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတခုထဲ အဓမ္မခိုင်းစေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဟောင်ကောင်ဒေသခံတယောက် ပြန်လည်လွတ်မြောက်လာပြီး နေရပ်ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဟောင်ကောင်အစိုးရက ဇန်နဝါရီ  ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဟောင်ကောင်အမျိုးသားဟာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကနေ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံကနေ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက ဟောင်ကောင်ကို ချောချောမွေ့မွေ့ ပြန်ရောက်ရှိလာခဲ့တာလို့ ဟောင်ကောင်လုံခြုံရေးဗျု ရိုက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစပြီး ပြန်ပေးဆွဲခံရတဲ့ ဟောင်ကောင်ဒေသခံတွေကို ကူညီပေးဖို့ တောင်းဆိုမှု ၂၈ ခုအထိ ရရှိခဲ့ပြီး အဲဒီထဲက ၁၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ ၉ ဦးကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ ၈ ဦးနဲ့ ကမ္ဘောဒီးယားမှာ ၁ ဦးရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကတော့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ရာဇဝတ်မှုစုံစမ်း စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး လျူကျုံယိနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး ထိုင်းတာဝန်ရှိသူတွေနဲ့အတူ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လည်ပတ်နေတဲ့ KK Park နဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး မြန်မာ-ထိုင်းနယ်စပ်ကို ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကြည့်ရှုလေ့လာသွားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် တခြားနိုင်ငံသားတွေ အများအပြား လူကုန်ကူးခံရ၊ အဓမ္မခိုင်းစေခံနေရတဲ့ သတင်းတွေ ထွက်လာပြီးနောက် တရုတ်အစိုးရ အဆင့်မြင့် အရာရှိ ကိုယ်တိုင် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာခဲ့တာဖြစ်ကာ အဆိုပါ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမြဝတီဘက်မှာ လည်ပတ်နေတဲ့ တရုတ်ကျားဖြန့်အွန် လိုင်းငွေလိမ်ဂိုဏ်း ၃၆ ဂိုဏ်းရှိနေပြီး လူတွေကို လိမ်လည်လှည့်ဖြားဖို့ လူ ၁ သိန်းကျော် အလုပ်ခန့်ထားကြောင်း မစ္စတာ လျူက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013