ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံသားတယောက်ကို မြဝတီ ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အသုံးပြုတဲ့ ကွန်ပြူတာ၊ မိုဘိုင်းလ်ဖုန်းနဲ့ ဆင်းမ်ကတ် ၁,၅၀၀ နဲ့အတူ ဖမ်းမိခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်က ဖော်ပြပါတယ်။
ဒေသတွင်း တရားမဝင် ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့ နယ်စပ် ကင်းလှည့် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က လှည့်ကင်း စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တိုယိုတာ ပစ်ကပ်ထရပ်ကားကို ရပ်တန့်စစ်ဆေးချိန်မှာ မိုဘိုင်းလ်ဖုန်း ၁,၂၅၁ လုံး၊ ဆင်းမ်ကတ် ၂၇၄ ကတ်နဲ့ ကွန်ပြူတာ ၁၉ လုံးကို ကားအတွင်း စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အသက် ၄၅ နှစ်အရွယ် တစ်ဒ် အမည်ရတဲ့ ယာဉ်မောင်းဖြစ်သူကတော့ အဆိုပါပစ္စည်းတွေကို မြန်မာနိုင်ငံနဲ့ နယ်စပ် သောင်ရင်းမြစ်ကမ်းတနေရာကနေ မဲ့လမတ်မြို့နယ်ထဲက ဘန်နမ်ဒစ်ဘ်ဘွန်ဝန်ကျေးရွာဆီ သယ်ဆောင်ဖို့ ဘတ် ၅,၀၀၀ နဲ့ တင်ဆောင်လာခဲ့တာလို့ ပြောပါတယ်။
အဆိုပါပစ္စည်းတွေကိုတော့ ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ် စကာရီအိုမြို့နယ်က ပါဝလီလို့သာ သိထားတဲ့ လူတယောက်ဆီ ပုဂ္ဂလိက ပါဆယ်ထုပ်တွေ ပေးပို့တဲ့ ဝန်ဆောင်မှု ကုမ္ပဏီကတဆင့် ပို့ဆောင်သွားဖို့ လုပ်ခဲ့တာပါ။
တာ့ခ်ခရိုင်အခြေစိုက် ရတ်ချမန်နုတပ်ဖွဲ့ရဲ့တပ်မှူး ဗိုလ်မှူးကြီး နတ်တခွန် ရူအန်တစ်က သိမ်းဆည်းရမိတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေဟာ မဲဆောက်မြို့ တဘက်ကမ်း ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် ကျားဖြန့်ကောလ်စင်တာ ရာဇဝတ်ဂိုဏ်းတွေက ဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့က သူတို့ရဲ့လုပ်ငန်းတွေကို စကာရီအိုဘက်ခြမ်းကနေ ကမ္ဘောဒီးယားဘက်ကို ရွှေ့ချင်နေကြတယ်။”
လတ်တလောမှာတော့ ဒီအမှုကိစ္စမှာ တခြားပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေသလို ဖမ်းဆီးထားတဲ့ ယာဉ်မောင်းကိုလည်း မဲ့လမတ်ရဲစခန်းမှာ ဆက်လက်စစ်ဆေးမေးမြန်းပြီး ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Bangkok Post