Home
မြန်မာသတင်း
မြန်မာနယ်စပ် နေရာ ၅ နေရာကို လျှပ်စစ်မီးပေးနေဟု ထိုင်းပြော 
DVB
·
January 27, 2025

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးရာ မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက နေရာ ၂ ခု အပါအဝင် နေရာ ၅ ခုကို ထိုင်းနိုင်ငံက လျှပ်စစ်မီးပေးနေတဲ့အကြောင်း Bangkok Post သတင်းတပုဒ်မှာ ဇန်နဝါရီ ၂၆ ရက်က ဖော်ပြပါတယ်။

ခရိုင်လျှပ်စစ် အာဏာပိုင်အဖွဲ့ (PEA) မှ ဒုတိယ အုပ်ချုပ်ရေးမှူး ပရာဆစ် ဂျွန်ပရာဆစ် က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မြဝတီမြို့နယ်ထဲက နေရာ ၂ ခုနဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ထဲက နေရာ ၂ ခုကို လျှပ်စစ်မီးပေးနေတယ်လို့ ပြောလိုက်တာပါ။

၂၀၂၃ ခုနှစ်ထဲမှာတော့ ဘန်ကောက်မြို့က မြန်မာသံရုံးရဲ့ တောင်းဆိုချက်အရ နေရာ ၂ ခုကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး တာ့ခ်ခရိုင်၊ ဘန်ဝမ်ဖာကနေ မြဝတီမြို့ ရွှေကုက္ကိုနဲ့ ဘန်မဲကူမိုင်းသဆွန်းကနေ မြဝတီမြို့အထိ စွမ်းအင်ဖြတ်တောက်ခဲ့တာလို့ သူက ဆိုပါတယ်။

ဒါ့အပြင် PEA အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဓာတ်အားခပေးဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ရှမ်းပြည်နယ်။ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ ချင်းဆန်ကနေ လျှပ်စစ်ဓာတ်အားပေးဝေမှု ဖြတ်တောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

PEA ဟာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ လုံခြုံရေးအေဂျင်စီတွေနဲ့ နီးကပ်စွာ လက်တွဲဆောင်ရွက်နေပြီး ထိုင်းဘက်က လျှပ်စစ်ဓာတ်အား ပေးဝေမှုက ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေနဲ့ ရာဇဝတ်ကောင်တွေအတွက် နယ်စပ်ဖြတ်ကျော် တရားမဝင် လုပ်ရပ်တွေ ကျူးလွန်တာ၊ ဒါမှမဟုတ် ပံ့ပိုးကူညီတာတွေကနေ ကင်းစင်စေရေးအတွက်ကိုတော့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ဖို့ အသင့်ရှိကြောင်းလည်း မစ္စတာ ပရာဆစ်က ပြောပါတယ်။

ဒါပေမဲ့ နယ်စပ်တလျှောက် နေထိုင်ပြီး PEA ရဲ့ လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုတွေကို မှီခိုအားထားနေရတဲ့ ထိုင်း အသုံးပြုသူတွေကိုတော့ အဲဒီလိုအကြောင်းတွေကြောင့် ထိခိုက်စေမှာ မဟုတ်ကြောင်း အာမခံတယ်လို့ ဆိုပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013