Home
မြန်မာသတင်း
ထိုင်းမှတဆင့် မလေးရှားသွားမည့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
January 27, 2025
Photo: Assawin Pakkawan

ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို အလုပ်ရှာဖို့ သွားကြမယ့် တရားမဝင် မြန်မာနိုင်ငံသား ၁၀ ယောက်ကို ထိုင်းယာဉ်မောင်း ၂ ယောက်နဲ့အတူ ဖမ်းမိခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဇန်နဝါရီ ၂၆ ရက်က ဖော်ပြပါတယ်။

ဟွန်ဒါဆီဒင်ကားတစီး၊ မစ်ဆူဘီရှီ ပါဂျဲရိုးကားတစီးစီနဲ့ သူတို့အုပ်စုကို ထိုင်းတောင်ပိုင်း ဆောင်ခလာခရိုင်၊ ချာနဒေသထဲမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ အမြန်လမ်း ရဲတပ်ဖွဲ့တို့က စစ်ဆေးရာကနေ  ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ကား ၂ စီးနဲ့အတူ ချာနဒေသကနေ သီဖဒေသကို တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ခိုးထုတ်ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ တိုင်း ၇ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ချာနိုခရူဒီး ပေါင်ဆီရိက ပြောပါတယ်။

ဖမ်းမိတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ယောက်ကတော့ အသက် ၄၄ နှစ်အရွယ် ဒွန်ဂျာရာ မန်ဘောင်နဲ့ အသက် ၃၀ အရွယ် နာဟာဆန် ဒီးမဲ့တို့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပြီး တယောက်က ရှေ့က ဟွန်ဒါကားကို မောင်းနှင်ကာ နောက်က ပါဂျဲဂိုးကားပေါ်မှာတော့ တရားမဝင် မြန်မာ ၁၀ ယောက်ကို တင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင် မြန်မာနိုင်ငံသား ၁၀ ယောက်ထဲမှာတော့ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ပါဝင်ကာ ထိုင်းယာဉ်မောင်းတွေနဲ့ သူတို့အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းယာဉ်မောင်းတွေက သူတို့ကို တယောက်ကို ဘတ် ၂,၀၀၀ စီနဲ့ စုဆောင်းပြီးတော့ ပို့ဆောင်ပေးဖို့အတွက် ပဌာနီမြို့ခံတယောက်က  ငှားရမ်းခဲ့တာဖြစ်ပြီး အရင်ကလည်း အကြိမ်အနည်းငယ် လုပ်ဆောင်ခဲ့ဖူးတယ်လို့ ရဲတွေကို ထွက်ဆိုထားပါတယ်။

ဖမ်းမိ မြန်မာနိုင်ငံသားတွေထဲမှာတော့ အများစုက ရန်ကုန်ကဖြစ်ကာ သူတို့ဟာ ဖမ်းမမိခင်အထိ အချိန် ၅ ရက်ကြာ လာရောက်ခဲ့ကြရတာဖြစ်ပြီး သူတို့အနေနဲ့ မလေးရှားကို ရောက်တာနဲ့တပြိုင်နက်တည်း ဘတ် ၁၂,၀၀၀ စီနဲ့ မြန်မာပွဲစားကို  ပေးရမှာဖြစ်ပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013