Home
နိုင်ငံတကာ
မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ဒရုန်းကို အသုံးပြုလာ
DVB
·
January 23, 2025

ထိုင်းနိုင်ငံမှာ မူးယစ်ကုန်သည်တွေဟာ အဖမ်းဆီးမခံရအောင် မူးယစ်ဆေးဝါးတွေကို ပုံစံအမျိုးမျိုးနဲ့ သိုဝှက်ပြီး သယ်ဆောင်နေကြရာမှာ နောက်ဆုံး ပုံစံသစ်အနေနဲ့ မောင်းသူမဲ့လေယာဉ်ငယ် ဒရုန်းကို အသုံးပြုပြီး သယ်ဆောင်လာတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒရုန်းတစီးဟာ အလေးချိန် ၅၀ ကီလိုဂရမ်ထိ သယ်ဆောင်နိုင်ပြီး အဝေးကို ပျံသန်းနိုင်တယ်၊ မဲခေါင်မြစ်ဟာ တချို့နေရာမှာ ၁ ကီလိုမီတာထိ ကျယ်ပြန့်ပေမဲ့ လူက အဝေးကနေ ထိန်းပြီး ဒရုန်းကို အလွယ်တကူ ပျံသန်းစေတယ်၊ ဒီနည်းမှာ လူ ၂ - ၃ ယောက်လောက်သာ လိုအပ်ပြီး သတင်းလည်း အလွယ်တကူ မပေါက်ကြားနိုင်တာကြောင့် မူးယစ်ဆေးသယ်ဆောင်သူတွေဟာ ဒီနည်းကို အသုံးပြုလာကြတယ်လို့ အမှတ် ၄ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဖူမိဖတ် ဖတ်ထရဆီဝုန်းချိုင်းက ဇန်နဝါရီ ၂၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လှေနဲ့သယ်ယူမယ်ဆိုပါက မဲခေါင်မြစ်ထဲ ကူးသန်းသွားလာနေတဲ့ လှေအစီးတိုင်းကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က လိုင်စင်လုပ်ပေးထားတာကြောင့် လှေပိုင်ရှင် ဘယ်သူဆိုတာ သိနေပြီး ဖမ်းဆီးလို့ရတယ်၊ ဒါကြောင့် ဒရုန်းကို အသုံးပြုလာကြတာလို့ ရဲမှူးကြီးက ပြောပါတယ်။

ဒီမတိုင်ခင် ဇန်နဝါရီ ၂၀ ရက်က ထိုင်းအရှေ့မြောက်ပိုင်း နခွန်းဖနုန်နဲ့ ဘင်ကန်ခရိုင်စပ်ကြား ဒေသထဲမှာ မူးယစ်ဆေးဝါး အချီကြီး သယ်ဆောင်ဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေ ပေါင်းပြီး စောင့်ကြပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ည ၁၂ နာရီခွဲလောက်မှာတော့ အစိမ်းရောင် big bike ဆိုင်ကယ်တစ်စီးဟာ အဖြူရောင် Dmax ဟိုင်းလပ်စ်ကား ၁ စီးကို လမ်းပြပြီး ဘင်ကန်ခရိုင် အဆေကာမြို့နယ် တဟိုက်အုပ်စုထဲ မောင်းဝင်လာခဲ့တယ်၊  တာဝန်ရှိသူတွေက နောက်ယောင်ခံလိုက်ကြည့်ရာမှာ သူတို့ဟာ ဘန့်ထာ့ ဆဝမ်ရွာအနီး တောစပ်နားရောက်တော့ ကားရပ်လိုက်တယ်၊ ပြီးတော့ တောထဲမှာ ဝှက်ထားတဲ့ အိတ်တွေကို ကားပေါ်တင်သွားတယ်။ တာဝန်ရှိသူတွေက လူယောင်ထွက်ပြပြီး အဲဒီကားကို ဖမ်းလိုက်တယ်။ မောင်းသူထိုင်ခုံရဲ့ နောက်ခန်းမှာ တင်ထားတဲ့ အိတ် ၃ လုံးကို စစ်ဆေးရာမှာ အထဲမှာစိတ်ကြွဆေး စုစုပေါင်း ၅၆၄,၀၀၀ ကို တွေ့ရှိတာလို့ ဆိုပါတယ်။ 

အဆိုပါကားပေါ်ကနေ အသက် ၂၅ နှစ်ရွယ် နိုင်းကျကဖွန်း နဲ့ ဘေးကထိုင်လိုက်လာတဲ့ နန်းဆောင် ရန်ထိဝါး ၂၈ နှစ်တို့ကို ဖမ်းဆီးထားပြီး ရှေ့ကလမ်းပြတဲ့ ဆိုင်ကယ်ပေါ်က အသက် ၂၀ အရွယ် နိုင်းထန်းဝါး နဲ့ နိုင်းပီယ တို့ကိုပါ ဖမ်းဆီးလိုက်ပါတယ်။ 

သူတို့ကို မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းထိ သယ်ဆောင်ပေးဖို့ လောနိုင်ငံရှိ ဘော့စ်က စေခိုင်းခဲ့တယ်၊ သယ်ဆောင်ခ တကြိမ်လျှင် ဘတ် ၂၀,၀၀၀ စီရပြီး  ဒီအလုပ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက စလုပ်တယ်၊ ၁ လကို ၁ ကြိမ် ၂ ကြိမ်ခန့် သယ်ဆောင်ခဲ့တယ်လို့ ဝန်ခံ သွားပါတယ်။ 

တာဝန်ရှိသူတွေက ဘတ် ၁ ဒသမ ၆ သန်း  တန်ဖိုးရှိ သူတို့  ၄ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းလိုက်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Source : Khaosod / Top News Live

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013