Home
မြန်မာသတင်း
လျှပ်စစ်မီးမမှန်သဖြင့်  EV ကား အားသွင်းရုံများတွင် အားမသွင်းနိုင်
DVB
·
January 25, 2025

ရန်ကုန်မြို့မှာရှိတဲ့  EV Charger Station တွေဟာ လျှပ်စစ်မီးပုံမှန်မရရှိလို့ ပုံမှန်ဝန်ဆောင်မှု မပေးနိုင်သလို အားသွင်းရုံအသစ်တွေ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပေမဲ့ မဖွင့်နိုင်ပဲဖြစ်နေပါတယ်။ 

EV ကားတွေ အားသွင်းရာနေရာတွေကို ရန်ကုန်မြို့က Zero Mile ကစလို့ မြကျွန်းသာ၊ ဘူတာကြီးအနီးမှာ ဖွင့်လှစ်ထားတဲ့အားသွင်းရုံတွေမှာ ထားရှိထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အချိန်ဇယားအတိုင်းသာ မီးရရှိကြတဲ့အတွက် ပုံမှန်ဖွင့်လှစ်နိုင်တာမရှိဘဲ သခင်မြပန်းခြံနဲ့ ရန်ကုန်လေဆိပ်က အားသွင်းရုံတွေမှာသာ ပုံမှန်အားသွင်းနေကြရပါတယ်။

သခင်မြပန်းခြံအတွင်းဖွင့်လှစ်ထားတဲ့ EV Charger Station မှာ Charging လာသွင်းသူ EV ကားပိုင်ရှင်တယောက်က “ ဒီကရတယ်။ တခြားနေရာတွေမရတာ။ ဒီကအမြဲရတယ်။ ၂၄နာရီ”လို့ ပြောပါတယ်။

သခင်မြပန်းခြံက EV Charger Station မှာအချိန်ဇယားအတိုင်း မီးရပေမဲ့ ဆိုလာ၊ အင်ဗာတာစတဲ့ ပုဂ္ဂလိက ဓာတ်အားအရန်စနစ်ကို အသုံးပြုထားတဲ့အတွက် ၂၄ နာရီဝန်ဆောင်မှုပေးနိုင်တာ ဖြစ်ပြီး တနေ့ကို ကားအစီးရေ  ၁၀၀ လောက် လာရောက်အားသွင်းနိုင်ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သခင်မြပန်းခြံမှာ မနက် ၇ နာရီကနေ ည ၇ နာရီအထိသာ အားသွင်းခွင့်ပြုထားတယ်လို့ အားသွင်းရုံတာဝန်ခံက ပြောပါတယ်။

“၂၄ နာ ရီတော့ မရဘူး။ မနက် ၇ ည ၇ ပဲ ပေးသွင်းတယ်။ ည ၇ နာရီဆို တံခါးပိတ်လိုက်ပြီ။ မပေးတော့ဘူး။  ဒီမှာတော့ လာသွင်းတာများတယ်။ တခါတလေလေကျရင် ကားအစီး ၈၀ ကျော်၊ တခါတလေကျရင် ၁၀၀ ကျော်၊ အနည်းဆုံးကတော့ ၇၀ ကျော်ပဲ။”

အခုလို ကနဦးဖွင့်လှစ်ထားတဲ့ Charging Station ဟောင်းအများစုမှာ မီးပုံမှန်မရရှိလို့ ဝန်ဆောင်မှုအပြည့်မပေးနိုင်သလို ရန်ကုန်မြို့ရှိ Zero Mile ယာဥ်ရပ်နားကွင်းကအစ ရန်ကုန်မြို့တွင်းရှိ ကမ္ဘာအေးဘုရားလမ်း၊ ကမ်းနားလမ်းပေါ်ရှိ ဖွင့်လှစ်ဖို့ပြင်ဆင်ထားတဲ့ Charging Station တွေလည်း ဖွင့်လှစ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။

EV ကားတွေအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အမြန်လမ်းတလျှောက် အားသွင်းစင်တာ ၁၉ ခုကို ဖွင့်လှစ်ထားပြီး စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ EV လူစီးမော်တော်ယာဥ် ၂၀၀၀ နီးပါး ပြည်တွင်းဈေးကွက်ကို ဝင်ရောက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာအရ EV ကားသုံးစွဲနိုင်ဖို့ စစ်ကောင်စီကရည်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013