Home
မြန်မာသတင်း
မင်္ဂလာဒုံစစ်တပ်ဧရိယာတွင် ညတိုင်း လျှပ်စစ်မီးပုံမှန်လာနေ
DVB
·
January 23, 2025

ရန်ကုန်မြို့က မြို့နယ်တွေမှာ အရပ်သားနေထိုင်ရပ်ကွက်တွေကို တနေ့ ၁၆ နာရီ မီးဖြတ်နေပေမဲ့ စစ်ကောင်စီတပ်တွေရှိရာ မင်္ဂလာဒုံတပ်ဧရိယာတွေမှာတော့ လျှပ်စစ်မီးပြတ်တောက်ခြင်းမရှိဘဲ ညတိုင်း မီးပုံမှန်ရနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်ကစလို့ ရန်ကုန်မြို့မှာ ၄ နာရီမီးလာပြီး ၈ နာရီခြား မီးပြတ်တောက်မယ့် အုပ်စု ၂ စုရဲ့ မီးပေးပုံ အစီအစဉ်သစ်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးပို့ရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ခဲ့ပါတယ်။

မင်္ဂလာဒုံတပ်ဧရိယာတွေဖြစ်တဲ့ ပြည်လမ်းတလျှောက်က စစ်သူနာပြုတက္ကသိုလ်နဲ့ ခမရ၊ ခလရ တပ်တွေ၊ ပြည်လမ်း ခရေပင်လမ်းခွဲအနီးက စစ်ဆေးတက္ကသိုလ်၊ တညင်းကုန်းလမ်းဆုံရှိ အမှတ် ၁ စစ်သားစုဆောင်ရေးတပ်၊ အောင်မင်္ဂလာအဝေးပြေး‌ထိပ်ရှိ စစ်ထောက်လှမ်းရေးတပ်၊ အမှတ် ၅၀၂ လေတပ်စခန်း စတဲ့နေရာတွေမှာတော့ မီးပုံမှန်လာနေကြပါတယ်။

တပ်မိသားစုဝင်နဲ့ နီးစပ်သူတယောက်က “ဆိုလာပြပွဲတုန်းက ‌လိုက်မလားလို့ လှမ်းခေါ်တာ။ သူတို့ဆီ ညတိုင်း မီးလာလို့ မလိုက်တော့ဘူး ပြောတယ်။ မနက်ပိုင်းဆို ထမင်းချက်‌ချိန် ၁၁ နာရီလောက်အထိ မီးလာကြတယ်။ ဒီဘက်က မီးပြတ်နေကျဆိုတော့ အပြင်မှာပဲ ဝယ်စားဖြစ်ပါတယ်။ ကျောင်းလာရင်တောင် သူတို့မှာက ထမင်းချိုင့်တွေပါတယ်” လို့ ပြောပါတယ်။

မင်္ဂလာဒုံတမြို့နယ်တည်း ဖြစ်ပေမဲ့ အရပ်သားတွေ နေထိုင်ကြတဲ့ ရပ်ကွက်တွေမှာ မီးပြတ်တောက်မှု များလာတာကြောင့် စားသောက်ရေးကအစ ပြင်ပထမင်းဆိုင်တွေကို ပိုမှီခိုလာရသလို မီးပြတ်နေတာကြောင့် ခိုးမှုနဲ့ လုယက်မှုတွေ ပိုကြုံလာနေရပါတယ်။

မင်္ဂလာဒုံမြို့နယ်နေထိုင်သူတယောက်က “တပ်ဝင်းနဲ့ဆို လှမ်း‌မြင်နေရတယ်။ အဲဘက်က ညဆို မီးကို ထိန်လို့။ တခါတလေကျရင် ကာရာအိုကေ ဆိုနေတာတောင် ဒီဘက်က ကြားရတယ်။ ည‌နေ ၆ နာရီလောက်ကနေ နောက်မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်အထိ ရကြမယ်ထင်တယ်။ အဝေးပြေးရှေ့က တပ်ရော၊ ချစ်တီးကုန်းဘက်က တပ်ရော မီးတော်တော်လာတယ်” လို့ ပြောပါတယ်။

မြန်မာတနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်တဲ့ တနေ့တာအတွက် မဂ္ဂါဝပ် ၄,၄၀၀ ဝန်းကျင်ကို သက်ဆိုင်ရာ ဓာတ်အားဓာတ်ရုံတွေကနေ တနေ့တာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၂၀၀ လောက် ထုတ်လုပ်နိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး တနေ့ ၁၆ နာရီမက မီးဖြတ်ထားပေမဲ့ အာဏာသိမ်းစစ်ကောင်စီတပ်‌နဲ့ တပ်မိသားစုဝင်တွေ အတွက်တော့ တ‌နေ့ကို ၁၆ နာရီလောက် လျှပ်စစ်မီး ပိုမိုရရှိနေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013