Home
မြန်မာသတင်း
ရန်ကုန်တွင် နေ့စဉ် မီးလောင်နေသဖြင့် သတိထားရန် နှိုးဆော်
DVB
·
January 23, 2025
Photo-မြန်မာမီးသတ်ဌာနချုပ်၊ လူမှုကူညီရေးအသင်းများ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၃ ရက်အတွင်း နေ့တိုင်း မီးလောင်မှုတွေ ဖြစ်ပေါ်နေတာကြောင့် မီးဘေးအန္တရာယ်သတိပြုဖို့ အရပ်ဘက်အသင်းတွေက သတိပေးထားပါတယ်။

မီးလောင်တဲ့ မြို့နယ်တွေထဲမှာ တောင်ဒဂုံ၊ လှိုင်သာယာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ ဗိုလ်တထောင် စတဲ့မြို့နယ်တွေ ပါဝင်ပြီး မီးလောင်မှုဖြစ်စဉ် ၉ ခုအတွင်း အပူလွန်ကဲ ဝါယာရှော့ဖြစ် မီးလောင်မှု ၅ ကြိမ်၊ ပေါ့ဆမီး ၄ ကြိမ် ပါဝင်နေပါတယ်။

မီးလောင်မှု ၉ ကြိမ်အတွင်း ‌နေအိမ် ၁၂ လုံး၊ တိုက်ခန်း ၃ ခန်း၊ ဆိုင်ခန်း ၁ ခန်းနဲ့ အဆောင် ၂ ခန်း ပျက်စီးထားသလို ချို့တဲ့မီးဘေးသင့်သူ ၄၁ ယောက် ရှိနေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အခုရက်ပိုင်း တောက်လျှောက်လောင်နေတယ်။ Level 1 လွှတ်တာတော့ တကြိမ်ပဲ တွေ့ရသေးပေမဲ့ လုံးဝပေါ့ဆလို့ မရပါဘူး။ ဆောင်းလေကလည်း ခြောက်နေတယ်။ ဒီအတိုင်းလောင်ရင် ငြှိမ်းဖို့က မလွယ်တဲ့အခြေအနေပါ။ ထူးခြားတာက အခုရက်ပိုင်း အပူလွန်ကဲ ရှော့ဖြစ်လောင်တာတွေပါပဲ။ ဟိုတခေါက်ကပြောသလို နောက်ဖေးပေါက်တွေ ရှင်းထား။ တံခါးတွေ ဖွင့်ရပိတ်ရလွယ်အောင် လုပ်ထား။ အိမ်သုံး ဆိုင်သုံးဆို ၃ ကီလို မီးသတ်ဆေးဘူးဖြစ်ဖြစ် ဆောင်ထားကြပါ။ နောက်ပြီး မီးသတ်ကို ဆက်ရလွယ်အောင် ဖုန်းနံပါတ်တွေ အမြဲထည့်ထားဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီ‌လောက်မှာ ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၆ ရပ်ကွက်၊ စုပြည့်ရတနာလမ်းမှာ ရေခဲသေတ္တာကနေ အပူလွန်ကဲ မီးလောင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် ပေ ၂၀ ပတ်လည် ဈေးဆိုင် ၁ ခုနဲ့ တထပ်နေအိမ် ၁ လုံး ပျက်စီးသွားရပြီး မီးသတ်နဲ့ အရပ်ဘက်တို့ရဲ့ ငြှိမ်းသတ်မှု‌ကြောင့် မနက် ၆ နာရီခွဲမှာ မီးငြိမ်းသွားပါတယ်။

မွန်းလွဲ ၁ နာရီ ၄၆ မိနစ်မှာ‌တော့ လှိုင်သာယာမြို့နယ်၊ ဝက်မစွပ်ဝန်ထောက်လမ်းမှာ နေအိမ် ၁ လုံး မီးလောင်မှုအနည်းငယ်ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၂ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၂ ရက်မှာတော့ ‌ည‌နေ ၃ နာရီခွဲလောက်က စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာ ၂ အပေါ်ထပ် ၁၀ လွှာက လူနေအခန်းမှာ ဝါယာရှော့ဖြစ် မီးလောင်သွားသလို ည ၈ နာရီ မိနစ် ၄၀ မှာတော့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အကွက်အမှတ် ၂၃၃ က အထည်ချုပ်စက်ရုံရဲ့ မီးစက်ဝန်းမှာ အပူလွန်ကဲ မီးလောင်ခဲ့ပါတယ်။

မီးလောင်မှု ၂ ခုစလုံးရဲ့နေရာကို မီးသတ်အဖွဲ့တွေ အချိန်မီရောက်ရှိသွားလို့ ၁၀ မိနစ်လောက် အကြာမှာပဲ ငြှိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ မရမ်းကုန်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ဇာတိမာန်လမ်းက တိုက်ခန်း ၁ ခုမှာ ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက် ၂ နာရီ ၄၂ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်လောက်က သင်္ဃန်းကျွန်းမြို့နယ်၊ င(က)ရပ်ကွက်၊ ပန်းရိုက်လမ်းမှာ ခြင်ဆေး‌ခွေမီးကနေ နေအိမ် ၈ လုံး ပျက်စီးသွားပြီး မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်လောက်က မြောက်ဥက္ကလာပမြို့နယ်၊ က ရပ်ကွက်၊ မေယု ၅ လမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ နေအိမ် ၁ လုံး၊ အဆောင်ခန်း ၂ ခန်း ပျက်စီးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ လောက်မှာ ဗိုလ်တထောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ၄၆ လမ်းက တိုက်ခန်းတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီခွဲမှာ မီးငြိမ်းသွားပါတယ်။

ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်ကလည်း မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းဓမ္မလမ်းမှာ ဆိုလာကွန်ထရိုလာကနေ အပူလွန်ကဲလို့ ၂ ထပ်တိုက်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ည ၈ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်အတွင်းက မြန်မာမီးသတ်ဌာနချုပ်ရဲ့ မီးလောင်မှုအခြေအနေ ထုတ်ပြန်ချက်အရ မင်္ဂလာတောင်ညွန့်၊ အ‌ရှေ့ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ တိုက်ကြီး၊ သင်္ဃန်းကျွန်း စတဲ့ မြို့နယ် ၇ ခုမှာ မီးလောင်ကျွမ်းမှုကြောင့် တိုက်ခန်း ၅ ခန်း၊ နေအိမ် ၃ လုံး ပျက်စီးသွားပြီး လူ ၁ ယောက်သေ၊ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013