ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်ဒ်မြို့တော် အပြင်ဘက်ရှိ ဘိုးဘွားရိပ်သာတခုမှာ ဇန်နဝါရီ ၂၀ ရက်က မီးလောင်မှုကြောင့် လူ ၈ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဆားဘီးယားနိုင်ငံပိုင် RTS ရုပ်သံက ထုတ်ပြန်ပါတယ်။
လူ ၃၀ လောက် နေထိုင်တဲ့ ရိပ်သာမှာ ဒေသစံတော်ချိန် မနက် ၃ နာရီ ၃၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လက်ထောက်ရဲဝန်ကြီးလည်းဖြစ်တဲ့ အရေးပေါ်အခြေအနေဆိုင်ရာ အစိုးရဌာန အကြီးအကဲ လူကာ ကောက်ဆဲဗစ်ခ်ကို ကိုးကားပြီး RTS သတင်းမှာ ပြောထားပါတယ်။
မီးကို အမြန်ငြှိမ်းသတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူအားလုံးကို ဘဲလ်ဂရိတ်ဒ်မြို့ရှိ ဆေးရုံတွေကို ပို့ဆောင်ခဲ့ပါတယ်။
အမျိုးသမီးတယောက်ကတော့ အခြေအနေ ပြင်းထန်နေပြီး အသက်ရှူစက်နဲ့ ကုသမှု ခံယူနေရကြောင်းလည်း RTS ရုပ်သံသတင်းက ဖော်ပြပါတယ်။
မီးလောင်မှုဟာ အဲဒီဘိုးဘွားရိပ်သာမှာ နေထိုင်သူတယောက်ကြောင့်ဖြစ်ပြီး အဲဒီလူလည်း သေဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ အစိုးရရှေ့နေရုံးကနေ သိရပါတယ်ေ
ပြည်တွင်းရေးရာ ဝန်ကြီးဌာနနဲ့ အဆင့်မြင့် အစိုးရရှေ့နေရုံးတို့ ပူးပေါင်းပြီး ဒီအမှုအသေးစိတ်တွေကို ရှင်းလင်းဖို့ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေပါတယ်လို့ လက်ထောက်ရဲဝန်ကြီး လူကာ ကောက်ဆဲဗစ်ခ်က ပြောပါတယ်။
Source : Reuters